ထီးချိုင့်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ ၁၀ ဦးခန့်သေဆုံး

ထီးချိုင့်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ ၁၀ ဦးခန့်သေဆုံး

ဝေယံမိုး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ၊ ပေကုန်းရွာနှင့် အင်ဒေါင်းရွာကြား ချောင်းကူး တံတားပေါ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ရှစ်ဦးမှ ၁၀ ဦးခန့် အထိ သေဆုံးနိုင်သည်ဟု Special.9-HPDF ကထုတ်ပြန်သည်။

ဝဲကြီးရွာဘက်မှ ခြေလျင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းအား ယနေ့ မေလ ၁၈ ရက် နံနက် ၆ နာရီဝန်းကျင်တွင် မိုင်းသုံးလုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်တွေက ဒီရွာတွေဘက်ကို တစ်လတစ်ခါလောက် စစ်ကြောင်း ထိုးနေကျဗျ။ သူတို့ဖြတ်နေကျ အဲ့ဒီချောင်းကူး ကွန်ကရစ်တံတားပေါ်မှာ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ပဒေသာမိုင်းတစ်လုံးသုံးပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ” ဟု Special.9-HPDF အဖွဲ့ပြန်ကြားရေး တာဝန်ခံကပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးလက်နက်ငယ်များ ဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း Special.9-HPDF အဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရသူများနှင့် ရုပ်အလောင်းများအား ထမ်းစင်များဖြင့် ကြက်တကောင်ကျေးရွာဘက်သို့ သယ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများကသတင်းပေးပို့ခဲ့ကြောင်း Special.9-HPDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

လက်ရှိအချိန်တွင် ကြက်တကောင်ကျေးရွာအနီးတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ထံသို့ မောင်းကုန်းကျေးရွာဘက်မှ လူနာတင်ယာဉ်များ မောင်းနှင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special.9-HPDFနှင့် Local ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိဆုတ်ခွာ နိုင်ခဲ့ကြောင်း Special.9-HPDF ကထုတ်ပြန်ထားသည်။

#Mizzima

#ထီးချိုင့်မြို့နယ်

#စစ်ကောင်စီစစ်ကြောင်း

#မိုင်းဆွဲခံရ

#၁၀ဦးခန့်သေဆုံး

#Special.9-HPDF

#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly