အမျိုးသားလွှတ်တော် ပြန်လည်စတင်၊ အရေးကြီးနေရာများအတွက် တိုင်းရင်းသားတို့ကို ဦးစားပေး

အမျိုးသားလွှတ်တော် ပြန်လည်စတင်၊ အရေးကြီးနေရာများအတွက် တိုင်းရင်းသားတို့ကို ဦးစားပေး

နေပြည်တော် (Myanmar Now) ။             ။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်  အမျိုးသားလွှတ်တော် ပြန်လည်စတင်စဉ် ချင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခမ်းအနား သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး ကရင်တိုင်းရင်းသားတစ်ဦးနှင့် ရခိုင်တိုင်းသားတစ်ဦးကို လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် ရွေးချယ်ခန့်အပ်လိုက်ရာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်းရင်းသားလူမျိုးစုများကို လေးစား၊ အသိအမှတ်ပြုရာရောက်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်ခဲ့သည်။

NLD အမတ်များ အများဆုံးပါဝင်သည့် အမျိုးသားလွှတ်တော် ပထမနေ့အစီအစဉ်ကို  တနင်္လာနေ့က ပြန်လည်အစပြုသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့သည်။
လွှတ်တော်တွင် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားများနှင့်အတူ တပ်မတော်က စေလွှတ်ထားသူများ၏ ပါဝင်နေရာယူမှုက ရှိနေသေးသည်။

အခမ်းအနား သဘာပတိအဖြစ်ဆောင်ရွက်သူ NLD မှ  ဦးဇိုလယ်ထန်းက NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီမှ အထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကို ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာသည်။

မန်းဝင်းခိုင်သန်းသည် ၁၉၄၇ ခုနှစ်က   ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံသတ်ဖြတ်ခံရသူ အာဇာနည်ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သည့် မန်းဘခိုင်၏မြေးဖြစ်သည်။ ရခိုင်ပြည်နယ်မှ ဦးအေးသာအောင်သည်လည်း ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရေရှည်လက်တွဲခဲ့သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

ဥက္ကဋ္ဌသစ်က အမှာစကား ခပ်တိုတို ပြောကြားရာတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရေးကို ဦးစားပေးပြီး ပြောဆိုသွားသည်။ "ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆောင်ရွက်တဲ့ နေရာမှာ ငြိမ်းချမ်းရေး ရရှိဖို့၊ တရားဥပဒေစိုးမိုးရေး ရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့အထူးလိုအပ်ပါတယ်" ဟု  မန်းဝင်းခိုင်သန်းက ပြောသည်။

တနင်္လာနေ့က ပြည်သူ့လွှတ်တော်ပြန်လည် စတင်စဉ် မွန်ပြည်နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သကဲ့သို့ ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်တိုင်းရင်းသားတစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌနေရာများအတွက် NLD ၏ ညှိနှိုင်းမှု၊ ရွေးချယ် အဆိုပြုမှုကို နှစ်သက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမတ်တစ်ဦးဖြစ်သူ ဦးစိုင်းဝမ်းလှိုင်ခမ်းက မှတ်ချက်ပေးသည်။

"အရေးကြီးတဲ့အပိုင်းတွေမှာ တိုင်းရင်းသားတွေ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ကျနော်တို့ ဝမ်းလည်းသာတယ်။ ဂုဏ်ယူစရာလည်းကောင်းတယ်" ဟု အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ရွေးကောက်ခံရသူ ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။

အမျိုးသားလွှတ်တော်ဟု ခေါ်သည့် အထက်လွှတ်တော်တွင်  ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်က စေလွှတ်သော ကိုယ်စားလှယ် ၅၆ ဦး ရှိရမည် ဖြစ်သည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များနေရာအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုလျှင် ကိုယ်စားလှယ် ၁၂ ဦးစီ ရွေးချယ်တင်မြှောက်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly