မန္တလေး၊ ဖေဖော်ဝါရီ ၃ ။ ။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီလ ၃ ရက်၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က ဦးဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဒုတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည်။
အဆိုပါအမှုကိုကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက "ဒီနေ့အာမခံပေးဖို့ လျှောက်ထားတယ်။အဲဒီအပေါ်မှာတရားသူကြီးက နှစ်ဘက် လျှောက်လဲချက်ကို ကြားနာတယ်။ နောက်လာမယ့်ရုံးချိန်မှာ အမိန့်ချပေးမယ်။အာမခံရဖို့မရဖို့ကတော့ တရာသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ဆိုင်တယ်။"ဟု မဇ္ဈိမ ကိုပြောသည်။
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်၏ မိခင် ဒေါ်ရေးက "အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ ကျွန်မသားက ကျန်းမာရေးမကောင်းဘူး။ကြာရင်ဆေးအတွက် ပြဿနာရှိနိုင်တယ်။ လောလောဆယ်အာမခံပေးဖို့လည်း တောင်းဆိုချင်ပါတယ်။" ဟုပြောသည်။
တရာရုံး၌ စစ်ဆေးမှုအပြီးတွင် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်က "သူတို့မှားယွင်းဖမ်းတာပါ။ အမှန်အတိုင်းဖြစ်မှာပေါ့။ လွတ်မှာပါ။အာမခံကတော့ အခုလျှောက်ထားတယ်။ နောက်တစ်ချိန်းဆိုသိရမှာပါ။"ဟုပြောသည်။
ဦးညီညီလွင်၏ ဇနီး သြစတြေးလျ နိုင်ငံသူ Mrs. Marie Siochana မှာ ထောင်ဝင်စာတွေ့ခွင့် မရရှိသောကြောင့် ထောင်ဝင်စာတွေ့ခွင့်ရရှိစေရန်အတွက်လည်း ကူညီပေးနေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
"လက်ထပ်ထားတာဟုတ်တယ်။ ဒါပေမယ့် လက်ထပ်စာချုပ်က ပျောက်နေတော့ အခက်တွေ့နေတယ်။ ဒီနေ့ သူလည်းထောင်ဝင်စာတွေ့ခွင့်ရအောင် ဆောင်ရွက်ပေးနေတယ်။"ဟု ဦးသိန်းသန်းဦး ကပြောသည်။
ဦးဂမ္ဘ္ဘီရ (ခ) ဦးညီညီလွင်ကို ဇန်နဝါရီလ (၁၉) ရက် ည (၉) နာရီအချိန်က Power Hotel အခန်းနံပါတ် (၄၀၄)တွင် တည်းခိုနေထိုင်စဉ် အမှတ်(၉)မြို့မရဲစခန်းမှ လာရောက်ဖမ်းစီးကာ (ပ) ၅၇/၂၀၁၆ လဝက အက် ပုဒ်မ ၁၃ (၁) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၀ ရက်တွင် တတိယအကြိမ်အဖြစ် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ထပ်မံရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး အဆိုပါနေ့တွင် အာမခံရရှိမည်ဟု မိသားစုဝင်များက မျှော်လင့်နေသည်ဟု ဦးဂမ္ဘီရ(ခ)ဦးညီညီလွင် ၏မိခင် ဒေါ်ရေးကဆိုသည်။
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်သည် ရွှေဝါရောင် သံဃာအရေးအခင်းအတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။