ခင်ဦးမြို့နယ် အင်းပတ်ရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်

16 May 2022
ခင်ဦးမြို့နယ် အင်းပတ်ရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုးပြောက်ကျား Local PDF ထံက သိရသည်။

ရေဦးမြို့တွင်ရှိသည့် စစ်ကောင်စီတပ်သည် မေလ ၁၃ ရက်တွင် ကားဆိပ်ရွာကို စတင်ဝင်ရောက်ကာ အနီးရှိ အရာတော်ရွာ၊ မကျည်းအုပ်ရွာ၊ မြို့သစ်ကံကြီးကုန်းရွာ၊ ရွှေယမင်းရွာ၊ သိမ်တော်ရွာနှင့် ကျွန်းလည်ရွာ များကို ဝင်ရောက်မွှေနှောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် ယနေ့ မေလ ၁၆ ရက်တွင် အင်းပတ်ရွာကို ရောက်ရှ်ိလာခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“မနက်က အင်းပတ်ရွာထဲကို ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းမှာ အီနီဂါတပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက်အခြေအနေတော့ မသိရသေးဘူး။ အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရွာထဲကို တခါပစ်ရင် အိမ်တစ်လုံးကို မီးရှို့ပြနေတယ် ” ဟု နတ်ဆိုးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုဂျိမ်းက ပြောသည်။

စစ်ကောင်စီတပ် ယနေ့ နံနက်ပိုင်းက စတင်ဝင်ရောက်ကာ မီးရှို့နေသည့် အင်းပတ်ရွာအတွင်းရှိ အခြေအနေများကို မသိရှိရသေးသလို လက်ရှိအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းတွင် အင်တာနက်ဖြတ်တောက်ထားကာ ပျူစောထီးများဖြင့် ပူးပေါင်းပြီး ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#အင်းပတ်ရွာ

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

#ကာကွယ်ရေးတပ်ဖွဲ့

#ဒရုန်းဖြင့်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly