နိုင်ငံအနှ့ံက ယဉ်ကျေးမှုလက်မှုပညာရပ်တွေ ဖလှယ်နိုင်ဖို့ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော် ကျင်းပ

နိုင်ငံအနှ့ံက ယဉ်ကျေးမှုလက်မှုပညာရပ်တွေ ဖလှယ်နိုင်ဖို့ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော် ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။           ။ မြန်မာ့ယဉ်ကျေးမှုအား ကမ္ဘာက သိရှိလာစေရန်နှင့် နိုင်ငံအနှံ့တွင်ရှိသော ယဉ်ကျေးမှုများ၊ အစားအစာများ၊ဝတ်စားဆင်ယင်မှုများနှင့် ဓလေ့စရိုက်များကို သိရှိဖလှယ်နိုင်စေရန်အတွက် တတိယအကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်အား ဖေဖော်ဝါရီလ ၃ ရက် နှင့် ၄ရက် တို့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗားရှင်းစင်တာ MCC တွင် ကျင်းပပြုလုပ်လျှက်ရှိသည်။

ထိုနိုင်ငံတကာယဉ်ကျေးမှုပွဲတော်ကို Horizon International Schools နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပူးပေါင်းစီစဉ် ကျင်းပခဲ့တာဖြစ်ပြီး၊ ယဉ်ကျေးမှုများဖလှယ်နိုင်စေဖို့ ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတော်တွင် မြန်မာ၊ကိုရီယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်၊ ဘရာဇီးအပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ သံရုံးမိသားစုဝင်များက ဆိုင်ခန်းများလာရောက်ဖွင့်လှစ်ကာ ၎င်းတို့ သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေး မှုအနုပညာများကို ပြသရောင်းချခဲ့ကြသည်။

“ဒီပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေကို တစ်နေရာတည်းလာရုံနဲ့ နိုင်ငံတကာရဲ့ ယဉ်ကျေးမှုအနုပညာတွေ၊ အစားအစာတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေတွေကို သိရှိစေဖို့နဲ့ အခု အစ်မတို့ဒီမှာ stand လေးတွေလုပ်ထားတယ်။ အဲဒီမှာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ နေရာတွေကို ကပ်ထားတဲ့အတွက် ကလေးတွေက တစ်နေရာတည်းမှာ နိုင်ငံတကာ အတွေ့အကြုံတွေကို ရသွားစေတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို တွေ့သွားစေပါတယ်။ အဲဒါကို အဓိကရည်ရွယ်ပြီး ပြသခဲ့တာ ဖြစ်ပါတယ်။ ”ဟု Horizon International Schools မှ manament secretary မချိုဇင်ထွန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကိုပါ ချယ်မှုန်းပြသခဲ့ကြပြီး၊ ရိုးရာ အကအလှများဖြင့်လည်း ကပြဖော်ဖြေခဲ့ကြသည်။

၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့သည့် အဆိုပါ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်ကို နောင်နှစ်များတွင်လည်း ဆက်လက် ကျင်းပပေးသွားရန် စီစဉ်ထားကြောင်းနှင့် နောက်နှစ်များတွင်လည်း   နိုင်ငံ ပိုမိုစုံလင်လာစေဖို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly