ရေတာရှည်မြို့နယ် ဒေါင်းအင်းကုန်းရွာရှိ စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

By OAK
16 May 2022
ရေတာရှည်မြို့နယ် ဒေါင်းအင်းကုန်းရွာရှိ စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒေါင်းအင်းကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား မေလ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းရွာတွင် စစ်ကောင်စီတပ် အင်အား ၆၃ ယောက်ဖြင့် တပ်စွဲထားသည်မှာ ကာလ အတန်ကြာပြီ ဖြစ်ကြောင်း ဆိုသည်။

"ကျွန်တော်တို့ ဘက်က ၇၉ မမ စပစ်ပြီး လက်နက်ငယ် တွေနဲ့ အပြန်အလှန် ပစ်တာပါ၊ သူတို့က နယ်မြေ ကျူးကျော် လာလို့ ဝင်ပစ်တာပါဗျ၊ အထိခိုက်လည်း များနိုင်တယ်၊ သူတို့ အထဲ ကို ၇၉ မမ တည့်တည့် ကျတာ" ဟု ဝင်ရောက် တိုက်ခိုက်ခဲ့သည့် Northern Thantaung Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းစစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးက သွားရောက် တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုကို Northern Thantaung Defence Force အဖွဲ့နှင့် မဟာမိတ်အဖွဲ့တို့က လုပ်ဆောင်ခဲ့ပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးနေပေးရန်လည်း တောင်းဆိုထားသည်။

#Mizzima

#ရေတာရှည်မြို့နယ်

#ဒေါင်းအင်းကုန်းရွာ

#NorthernThantaungDefenceForce

#၇၉မမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly