ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း လက်ထက် နိုင်ငံစီးပွားရေး ယိုယွင်းဆိုးရွားခဲ့ဟု ပြည်ထဲရေးဝန်ကြီး ဝေဖန်

By Zee5
15 May 2022
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း လက်ထက် နိုင်ငံစီးပွားရေး ယိုယွင်းဆိုးရွားခဲ့ဟု ပြည်ထဲရေးဝန်ကြီး ဝေဖန်

ပါကစ္စတန်နိုင်ငံ၏ လက်ရှိပြည်ထဲရေးဝန်ကြီးဖြစ်သည့် ရာနာ ဆာနာအူလာက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဦးဆောင်သော ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) အစိုးရကို မေ ၄ ရက်တွင် ပြင်းထန်စွာ ဝေဖန် ပြစ်တင်လိုက်သည်။ PTI အစိုးရသည် နိုင်ငံ၏ တန်ဖိုးရှိသော လေးနှစ်တာကာလကို အလဟဿဖြစ်စေခဲ့သည်ဟု ဆာနာအူလာက ပြောသည်။

ယခင်အစိုးရသည် အများအားဖြင့် တည်ငြိမ်မှုမရှိဘဲ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော အခွန်အကောက် မူဝါဒများမှတဆင့် နိုင်ငံ စီးပွားရေးကို ကသောင်းကနင်းဖြစ်စေခဲ့ပြီး ထိုမှတဆင့် နိုင်ငံကို ငွေကြေးဖောင်းပွမှု နွံထဲ ကျဆင်းစေခဲ့ကြောင်း ဆာနာအူလာက ဖိုင်ဆယ်လာဘတ်မြို့ Eid Milan party အခမ်းအနားတွင် ပြောဆို သွားခဲ့ကြောင်း Radio Pakistan မီဒီယာက ဖော်ပြသည်။

ထို့ပြင် အလွန်တရာ ကောင်းလှသည်ဟု ထင်ရသော အရာတစ်ခုကို လုပ်ခဲ့ရုံသာ ဖြစ်ပြီး လုံးလုံးလျားလျား မအောင်မြင်ကြောင်းကို ပြသနေခဲ့သည့် အတုအယောင် ကတိကဝတ်များကို ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်ဟု ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

ထို့ပြင် PTI အစိုးရ၏ ညံ့ဖျင်းသော မူဝါဒများကြောင့် ပြည်ပချေးငွေများ၏ ဝန်ထုပ်ဝန်ပိုးက မခံမရပ်နိုင်အောင် ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ဘဏ်က မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် “ပါကစ္စတန် ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံးအခြေအနေ” အစီရင်ခံစာထဲတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ပြည်ပပို့ကုန်များ လျော့ကျခြင်းနှင့် နိမ့်ကျသော ကုန်ထုတ်လုပ်မှုဆိုင်ရာ တိုးတက်မှု စက်ဝန်းတို့ ပါဝင်သော ပါကစ္စတန် စီးပွားရေး၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များကို အသားပေးဖော်ပြသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required