ပူတင်၏ ပုဂ္ဂလိကပိုင်ပြုမှုအသစ်တွင် ရှယ်ယာရှင်များမှာ ရုရှအာဏာရှိများသာ ဖြစ်ဖွယ်ရှိဟု ဆို

ပူတင်၏ ပုဂ္ဂလိကပိုင်ပြုမှုအသစ်တွင် ရှယ်ယာရှင်များမှာ ရုရှအာဏာရှိများသာ ဖြစ်ဖွယ်ရှိဟု ဆို

မော်စကို၊ ဖေဖော်ဝါရီ - ၃ ။          ။ သမ္မတ ဗလာဒီမီယာ ပူတင်က ရောင်းချလိုနေသည့် နိုင်ငံ့အကြီးဆုံး ကုမ္ပဏီတချို့မှ ရှယ်ယာများကို ရုရှ အာဏာရှိအသိုင်းအဝိုင်းကသာလျှင် ဝယ်ယူမည့်အလားအလာ ပိုများနေသည်ဟု ဆိုသည်။

ရေနံဈေးနှုန်း ထိုးကျမှုကြောင့် ဖြစ်ပွားရသော စီးပွားရေးအကျပ်အတည်းက တွန်းအားပေးနေသောကြောင့် အစောပိုင်းတစ်ရက်က ကြေညာခဲ့သည့် ပုဂလိကပိုင်ပြုမည့် အစီအစဉ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပါဝင်လာရန် ကြိုဆိုပါကြောင်း ကရင်မလင်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

သို့ရာတွင် အရာရှိဟောင်းများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ဝေဖန်သုံးသပ်သူများကမူ ယူကရိန်းပြဿနာကြောင့် အနောက်က ဒဏ်ခတ်ပိတ်ဆို့ထားသည့် အခြေအနေနှင့် ပိုင်ဆိုင်မှု အငြင်းပွားလာနေခဲ့သည့် သမိုင်းနောက်ခံကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တွန့်ဆုတ်နည်းပါးနေလိမ့်မည်ဟု ပြောကြားကြသည်။

ပုဂ္ဂလိကပိုင်ပြုသည့် အစီအစဉ်က ခန့်မှန်းထားသည့် ထရီလျံရူဘယ်၏ ၅၀နှင့် ၈၀ ရာခိုင်နှုန်းကြားအထိသာ မြှင့်တင်ပေးနိုင်ဖွယ်ရာရှိသည်ဟု အကြီးတန်းအစိုးရအရာရှိ နှစ်ဦးက ပြောကြားခဲ့သည်။  

စီးပွားရေးအတွက် အရေးကြီးသည့်အချိန်တွင် ရုရှ၏ အဆက်အသွယ် အသိုင်းအဝိုင်းကောင်းသည့် သူဌေးသူကြွယ်ကြီးများကိုသာ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ရဖွယ်ရှိနေပြီး၊ ရေရှည်တွင် တန်ဖိုးကြီးသည့် အက်ဆက်များကို အပေးအယူလုပ်ကြကာာ ကရင်မလင်အစိုးရမှာလည်း လက်သိပ်ထိုး ရောင်းဝယ်နေသည်ဟုသာ အစွပ်စွဲခံရလိမ့်မည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံတော် ဘက်ဂျတ်လိုငွေပြမှုကို တားဆီးရန် ရည်ရွယ်သည့် ကနဦး ပုဂလိကပိုင်ပြုမှု အစီအစဉ်မှာ ရေနံဈေးနှုန်းနှင့်အတူ ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားသည့် ရုရှ၏ စီးပွားရေးဆုတ်ကပ်ကာလ ဒုတိယနှစ်နှင့် တိုက်ဆိုင်နေသည်။

သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားချက်အရ ကရင်မလင်က ရေနံကုမ္ပဏီများဖြစ်သော Rosneft နှင့် Bashneft တို့မှ နိုင်ငံပိုင်ရှယ်ယာများကို လျှော့ချရန် စဉ်းစားနေသည်ဟု ဆိုသည်။ ရှယ်ယာအချို့ကို မော်စကို စတော့အိပ်ချိန်းတွင် ရောင်းချနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly