မြိုင်မြို့နယ် ကျောက်ရစ်ရဲစခန်းအနီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး 

14 May 2022
မြိုင်မြို့နယ် ကျောက်ရစ်ရဲစခန်းအနီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး 

ဂျာမုန်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်နယ်မြေ ရဲစခန်း၌ တပ်စွဲထားသည့် အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ စစ်သား နှစ်ဦးနှင့် ပျူစောထီးဆိုသူ တစ်ဦး ကင်းစောင့်ရန် လာစဉ် မေလ ၁၂ ရက်၊ နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားနှစ်ဦး သေဆုံးကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

“စခန်းတောင်ဘက် (ကျောက်ရစ်နယ်မြေ ရဲစခန်း) မှာ ကုက္ကိုပင်ကြီး ရှိတယ်။ အဲ့ကုက္ကိုပင် ဘက်ကို ကင်းပုန်း လာဝပ်တော့ ကြတော့ ကျွန်တော်တို့က အဝေးထိန်း ရှေ့ပစ် အမြှောက်နဲ့ မိုင်းဆွဲ တိုက်ခိုက်တာပေါ့။ ခွေး (စစ်ကောင်စီတပ်သား) နှစ်ကောင်သေပြီး ပျူတစ်ကောင် အပြင်းအထန် ဒဏ်ရာရတာ မျက်မြင်ပဲ။ အတွင်း သတင်းအရ ဒဏ်ရာရတဲ့သူလည်း သေသွားပြီ ကြားတယ်” ဟု T.G.R တပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်တိုက်ဂါး က ပြောသည်။

မိုင်းဆွဲခံရပြီးနောက် ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည့်အပြင် ပြည်သူများလည်း ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုအား မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုးအထူးပြောက်ကျားအဖွဲ့၊ ဗိုလ်တောက်ထွန်း MBTT၊ 11 Brothers Revolution Forces၊ Burmese Guerrilla Force- B.G.F(Myingyan) နှင့် Saw Bwar Gyi MPDF အဖွဲ့တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ် အနေဖြင့် အဖွဲ့ရံပုံငွေ ပြတ်လတ်မှုကြောင့် မေလ ၅ ရက်နေ့က စစ်ကောင်စီတပ်အား မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် စစ်ဆင်ရေးများ ရပ်တန့်ထားရာမှ ပြည်သူများ၏ ထောက်ပံ့ပေးမှုဖြင့် ယခု စစ်ဆင်ရေး ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#Mizzima
#မြိုင်မြို့နယ်
#ကျောက်ရစ်နယ်မြေရဲစခန်း
#T.G.R
#မိုင်းဆွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly