တောင်ကိုရီးယားက နေတိုးအဖွဲ့၏ ဆိုက်ဘာကာကွယ်ရေးနှင့် ပူးပေါင်းသဖြင့် တရုတ် စိုးရိမ်နေ

တောင်ကိုရီးယားက နေတိုးအဖွဲ့၏ ဆိုက်ဘာကာကွယ်ရေးနှင့် ပူးပေါင်းသဖြင့် တရုတ် စိုးရိမ်နေ

တောင်ကိုရီးယားသည် မေ ၅ ရက်က NATO ဆိုက်ဘာကာကွယ်ရေးအဖွဲ့နှင့်ပူးပေါင်းလိုက်သဖြင့် ဂျပန်ပြီးလျှင် ဒုတိယမြောက်ပူးပေါင်းသည့် အရှေ့အာရှနိုင်ငံဖြစ်လာသည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ဆိုက်ဘာတိုက်ခိုက်မှုကို မကြာခဏခံရသည့် ပစ်မှတ်ဖြစ်လာ သောကြောင့် ယင်းကဲ့သို့ ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားက တောင်ကိုရီးယား၏ နျူကလီးယားသုတေသနဌာနဖြစ်သော ကိုရီးယား အနုမြူစွမ်းအင်သုတေသနအင်စတီကျု (KAERI) ကို ယမန်နှစ်က ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် တောင်ကိုရီးယား၏ နျူကလီးယားလျှို့ဝှက်ချက်များကို မြောက်ကိုရီးယားသို့ ပေါက်ကြားစေနိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

တရုတ်သည် မြောက်ကိုရီးယားဆိုက်ဘာအဖွဲ့များကို လေ့ကျင့်မှုနှင့် နည်းပညာများ ထောက်ပံ့ကာ ဆိုက်ဘာသူလျှိုမှုနှင့် ငွေကြေးခိုးယူမှုများတွင် အကူအညီပေးသည်ဟု ဆိုနေကြကြောင်း Asian Times က ဖော်ပြသည်။

ထို့ပြင် ဆိုးလ်မြို့ရှိ ကိုရီးယားလစ်ဘရယ်ဒီမိုကရေစီအင်စတီကျု၏ အချက်အလက်များအရ မြောက်ကိုရီးယား အေးဂျင့် ၆ ၈၀၀ ပါဝင်သော အထက်တန်းလွှာအုပ်စုသည် လိမ်လည်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုနှင့် လောင်းကစားမှုတို့တွင် ပါဝင်ပတ်သက်နေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀ ရရှိနေကာ ၎င်းတို့လုပ်ငန်းအများအပြားမှာ တရုတ်နိုင်ငံတွင် ခြေရာခံထားသည်။

တောင်ကိုရီးယား ထိပ်တန်းသူလျှိုအေဂျင်စီဖြစ်သည့် National Intelligence Service (NIS) သည် နေတိုးအဖွဲ့၏ အဆင့်မြင့် ပူးပေါင်းဆိုက်ဘာကာကွယ်ရေးစင်တာ (CCDCOE) တွင် အဖွဲ့ဝင်ဖြစ်သွားကြောင်း ဝန်ခံထားသည်။

တောင်ကိုရီးယားက CCDCOE တွင် ပါဝင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ တရားဝင် ပြောကြားခြင်း မရှိသော်လည်း ထိုအရွေ့ကို အပျက်သဘော ရှုမြင်ပေလိမ့်မည်။

အမေရိကန်ဦးဆောင်သော NATO အဖွဲ့သည် ဆိုက်ဘာကာကွယ်ရေးတွင် တရုတ်နှင့်ရုရှားကို ယှဉ်ပြိုင်ရန် တောင်ကိုရီးယားကို နယ်ရုပ်အဖြစ် အသုံးချခြယ်လှယ်နေကြောင်း တရုတ်က ထောက်ပြခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ Global Times တွင် ဖော်ပြထားသည်။

တရုတ်နှင့် တောင်ကိုရီးယားတို့သည် စားသောက်ဖွယ်၊ ရိုးရာအဝတ်အစားနှင့် အပ်စိုက်ကုထုံးဆိုင်ရာ ဇာစ်မြစ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကနဦးဖြစ်ပွားမှုများအတွင်း ဒစ်ဂျစ်တယ်စစ်ပွဲများ ဆင်နွှဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required