ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပင်တဂွန်အကြီးအကဲနှင့် ရုရှကာကွယ်ရေးဝန်ကြီးတို့ ဖုန်းပြော

ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပင်တဂွန်အကြီးအကဲနှင့် ရုရှကာကွယ်ရေးဝန်ကြီးတို့ ဖုန်းပြော

မေ ၁၅

ယူကရိန်းကို ရုရှ၏ ကျူးကျော်မှုနောက်ပိုင်း ပထမဆုံးအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်းသည် ရုရှက အဆင့်တူ ကာကွယ်ရေးဝန်ကြီး ဆာဂေး ဆွိုင်ဂူနှင့်  သောကြာနေ့တွင် ဖုန်းပြောဆိုပြီး ယူကရိန်းတွင် ချက်ချင်းအပစ်ရပ်ရန် တိုက်တွန်းခဲ့ကြောင်း ပင်တဂွန်က ပြောသည်။ 

လွန်ခဲ့သော သုံးလခန့် ကျူးကျော်စစ် စတင်ကတည်းက စတင်ပြီး ဆွိုင်ဂူနှင့် တွေ့ဆုံပြောဆိုနိုင်ရန် အော်စတင်းသည် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ရုရှသည် စိတ်ဝင်စားဟန် မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ 

အော်စတင်းသည် ဆက်သွယ်ရေးလိုင်းကို ဆက်လက်ထားရှိသွားရန် အရေးကြီးကြောင်းကို အလေးအနက်ထား ပြောခဲ့သည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီးက ထုတ်ပြန်ချက်တွင် ပြောသည်။ 

အော်စတင်၏ တောင်းဆိုချက်ဖြင့် ခေါ်ဆိုသည့် ယခု ဖုန်းပြောဆိုမှုသည် တစ်နာရီခန့်ကြာသော်လည်း မည်သည့် တိကျသော ပြဿနာရပ်ကိုမှ ဖြေရှင်းနိုင်ခြင်း မရှိသကဲ့သို့ ယူကရိန်းတွင် ရုရှ၏ လုပ်ဆောင်ချက်များကို တိုက်ရိုက်ပြောင်းလဲစေခြင်း မရှိခဲ့ကြောင်း အမည်မဖော်သည့် အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယခု ဖုန်းပြောဆိုမှုသည် ‘အလုပ်သဘော ပညာရှင်’ ဆန်ကြောင်း အဆိုပါ တာဝန်ရှိသူက ရည်ညွှန်းပြောဆိုသည်။ 

အမေရိကန်ဘက်မှ အစပျိုးခြင်းဖြင့် ဖုန်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှ TASS သတင်းဌာနက ဖော်ပြသည်။ 

“ယူကရိန်းက အခြေအနေအပါအဝင် အထင်ကရ ဖြစ်ပေါ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးရာတွေကို ဆွေးနွေးခဲ့ပါတယ်”ဟု ဝန်ကြီးဌာနကို ကိုးကားပြီး TASS သတင်းက ဖော်ပြသည်။ 

“အထူးစစ်ဆင်ရေး ဆင်နွှဲခြင်း” ဟု ရုရှက ပြောဆိုသည့် ယူကရိန်း ကျူးကျော်မှုကတည်းက ပဋိပက္ခနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ မမှားစေရန်နှင့် ပို၍ မဆိုးဝါးလာစေရန် အမေရိကန်နှင့် ရုရှကြား အရေးပေါ် ဖုန်းလိုင်းကို ထားရှိထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required