ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ရှန်ဟိုင်းမြေအောက်ရထားလမ်းကို ပိတ်ထား

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ရှန်ဟိုင်းမြေအောက်ရထားလမ်းကို ပိတ်ထား
Photo: EPA

တရုတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသော ရှန်ဟိုင်းမြေအောက်ရထားလိုင်း ၂ လိုင်းကို မေ ၁၀ ရက်က ပိတ်လိုက်ကာ နောက်ထပ်ညွှန်ကြားချက် မထွက်မချင်း တစ်မြို့လုံး၏ မြေအောက်ရထားစနစ်တစ်ခုလုံးကို ပိတ်ထားလိုက်ပြီဖြစ်သည်။

“၂၀၂၂ ခုနှစ် မေလ ၁၀ ရက် နံနက် ၁ နာရီမှစ၍ မြေအောက်ရထားအမှတ် ၆ နှင့် ၁၆ တို့ကို လည်ပတ်မှုရပ်ဆိုင်းလိုက်ကြောင်းနှင့် လက်တလောတွင် ရှန်ဟိုင်းမြေအောက်ရထား လိုင်းများနှင့် ဘူတာရုံများအားလုံး ပိတ်ထားကြောင်း” မြေအောက်ရထားစီမံခန့်ခွဲရေးအဖွဲ့က လူမှုမီဒီယာတွင် ကြေညာခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက ကမ္ဘာ့အရှည်ဆုံးမြေအောက်ရထားစနစ်ဖြစ်သည့် ရှန်ဟိုင်းမြေအောက်ရထား လိုင်းသည် နေ့စဉ် ပျမ်းမျှ ခရီးသည်ပေါင်း ၁၀ သန်းခန့် စံချိန်တင်စီးနင်းခဲ့ကြသည်။

ရှန်ဟိုင်းအာဏာပိုင်များသည် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့် မတ်လမှစ၍ အသွားအလာ ပိတ်ဆို့ခဲ့သည်။ ကနဦးအစီအစဉ်အရ မြို့တော်အတွင်း ရောဂါစစ်ဆေးစမ်းသပ်မှုလွယ်ကူချောမွေ့စေရန်

ပိတ်ဆို့ခဲ့ကာ ဧပြီလတွင် ရုပ်သိမ်းပေးမည်ဟု မျှော်မှန်းခဲ့သော်လည်း ရောဂါကူးစက်မှုတိုးလာခြင်းကြောင့် ကန့်သတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။

တရုတ်အာဏာပိုင်များသည် ကိုဗစ်-၁၉ ကူးစက်မှုများ ဆက်လက်မြင့်တက်နေသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ တင်းကျပ်သော အသွားအလာပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်ပြီးလက်ကိုင်ပြု ထားသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာခြင်းနှင့် သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ကျင့်သုံးခြင်းများနှင့်အတူ ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ အဓိကပို့ကုန်ဗဟိုချက်ဖြစ်သောကြောင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly