ကိုဗစ်-၁၉ ကန့်သတ်မှုကြောင့်ဖြစ်သော စိုးရိမ်ဖွယ် အလုပ်အကိုင်ဈေးကွက်အပေါ် တရုတ်ဝန်ကြီးချုပ် သတိပေး

ကိုဗစ်-၁၉ ကန့်သတ်မှုကြောင့်ဖြစ်သော စိုးရိမ်ဖွယ် အလုပ်အကိုင်ဈေးကွက်အပေါ် တရုတ်ဝန်ကြီးချုပ် သတိပေး

တရုတ်ဝန်ကြီးချုပ် လီကေ့ချန်က ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ အသွားအလာကန့်သတ်မှုများကြောင့် ဖြစ်ပေါ်လာသော အလုပ်အကိုင်ဈေးကွက်အခြေအနေကို ခက်ခဲရှုပ်ထွေးပြီး စိုးရိမ်ဖွယ်ကောင်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု CNN သတင်းက ဖော်ပြခဲ့သည်။

အလုပ်အကိုင်ကဏ္ဍကို မြှင့်တင်ပေးရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးကို ဦးစားပေးလုပ်ဆောင်ရန် အစိုးရအဆင့်ဆင့်ကို လီကေ့ချန်က ညွှန်ကြားခဲ့ကြောင်း မေ ၇ရက်သတင်းတွင် ဖော်ပြထားသည်။

အစိုးရ အချက်အလက်များအရ ၂ နှစ်နီးပါးအတွင်း နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးရောက်ရှိနေချိန်တွင် လီကေ့ချန်က ယင်းကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

အစိုးရသည် ၂၀၂၂ ခုနှစ်၌ မြို့ကြီး မြို့ငယ်များတွင် အနည်းဆုံး အလုပ်အကိုင်ပေါင်း ၁၁ သန်း ဖန်တီးရန် ရည်မှန်းထားသည်။

လွန်စွာ ကူးစက်လွယ်သော အိုမီခရွန်မျိုးကွဲသည် တရုတ်နိုင်ငံတွင် လျင်မြန်စွာ ပျံ့နှံ့နေသောကြောင့် နိုင်ငံသည် ၂ နှစ်ကျော်အတွင်း အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရသည်။ ယခုအချိန်အထိ တရုတ်မြို့ကြီး ၃၁ မြို့ထက်မနည်းသည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ အသွားအလာပိတ်ဆို့မှုအောက်တွင်ရောက်ရှိနေကာ ယင်းအချက်က နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၂၁၄ သန်းကို ထိခိုက်စေလိမ့်မည်ဟု CNN က တွက်ချက်ပြခဲ့သည်။

ဘဏ္ဍာရေးအချက်အချာမြို့တော် ရှန်ဟိုင်းတွင် အသွားအလာမပိတ်ဆို့မီနှင့် ပေကျင်းတွင် တင်းကျပ်သော စည်းမျဉ်းများမကန့်သတ်မီ မတ်လက နိုင်ငံ၏အလုပ်လက်မဲ့နှုန်းသည် ၂၁ လအတွင်း အမြင့်ဆုံးဖြစ်ကြော်ငး အစိုးရ၏ လတ်တလောအချက်အလက်များအရ သိရသည်။

အဓိကမြို့ကြီး ၃၁ မြို့တွင်ပင် အလုပ်လက်မဲ့နှုန်းသည် မတ်လက စံချိန်တင်မြင့်တက်ခဲ့ကြောင်း CNN ကဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required