COVID-19 ကူးစက်ပြန့်နှံ့မှုနှင့် ရင်ဆိုင်နေရသည့် မြောက်ကိုရီးယား၌ လူ ၂၁ ဦး ထပ်မံ သေဆုံး 

COVID-19 ကူးစက်ပြန့်နှံ့မှုနှင့် ရင်ဆိုင်နေရသည့် မြောက်ကိုရီးယား၌ လူ ၂၁ ဦး ထပ်မံ သေဆုံး 
Photo - AFP

မေ ၁၅

မြောက်ကိုရီးယားနိုင်ငံတွင် COVID-19 ပထမဆုံး ကူးစက်ဖြစ်ပွားသည်ဟု ကြေညာပြီး တစ်နိုင်ငံလုံး လော့ဒေါင်းချရန် အမိန့်ထုတ်ပြီးနောက် နှစ်ရက်မြောက်တွင် ‘ဖျားနာခြင်း’ကြောင့် နောက်ထပ် လူ ၂၁ ဦး သေဆုံးကြောင်း စနေနေ့တွင် သတင်းထုတ်ပြန်သည်။ 

ကာကွယ်ဆေး မထိုးနှံရသော ပြည်သူများကြား ရောဂါပြန့်နှံ့မှု နှေးကွေးစေရေးအတွက် “အကြီးမားဆုံး အရေးပေါ် ကွာရန်တင်းစနစ်”ကို ချမှတ်ဖော်ဆောင်နေလျက်ရှိချိန် သောကြာနေ့ တစ်နေ့တည်းတွင် ဖျားနာသော လူပေါင်း ၁၇၄,၄၄၀ ဦးကို တွေ့ရှိရပြီး လူ ၂၁ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ပြောသည်။ 

“မေ ၁၃ ရက်မှာ ဖျားနာသူ ၁၇၄,၄၄၀ ဦးကို ထပ်မံတွေ့ရှိပါတယ်၊ ၈၁,၄၃၀ က ပြန်လည်သက်သာပြီး ၂၁ ဦး သေဆုံးပါတယ်”ဟု KCNA သတင်းက ဆိုသည်။ 

သေဆုံးသူများတွင် COVID-19 ကူးစက်ထားခြင်း ရှိမရှိ KCNA သတင်းက မဖော်ပြသော်လည်း မြောက်ကိုရီးယားသည် ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးနိုင်စွမ်းတွင် အားနည်းချို့တဲ့သည်ဟု ပညာရှင်များက ပြောသည်။ 

“တစ်နိုင်ငံလုံး နာမကျန်းဖြစ်သူ စုစုပေါင်း ၅၂၄,၄၄၀ ဦး ရှိပါပြီ၊ ဒီထဲမှာ ၂၃၄,၆၃၀ ဦးက အပြည့်အဝ နာလန်ထူလာပါတယ်၊ ၂၈၈,၈၁၀ က ကုသမှု ခံယူနေပါတယ်၊ စုစုပေါင်း သေဆုံးသူဟာ ၂၇ ဦး ရှိပါပြီ”ဟု KCNA က ထပ်လောင်းပြောသည်။ 

ယခု သီတင်းပတ်အတွင်းမှာပင် ခေါင်းဆောင် ကင်ဂျုံးအွန်က ကြီးကြပ်ကွပ်ကဲပြီး ဒုတိယအကြိမ်မြောက် ပေါ်လစ်ဗျူရို အစည်းအဝေးကို ကျင်းပခဲ့သည်။ ကူးစက်ပြန့်နှံ့မှုသည် နိုင်ငံအတွင်း “ကြီးမားသော ဒုက္ခ”ကို ဖြစ်ပေါ်စေသည်ဟု ကင်ဂျုံးအွန်က ပြောသည်။ 

မြို့တော် ပြုံယမ်း၌ ဖျားနာသူများတွင် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို စစ်ဆေးတွေ့ရှိပြီး ယင်းတို့အနက် လူ တစ်ဦး သေဆုံးခဲ့ကြောင်း မြောက်ကိုရီးယားက ကြာသပတေးနေ့တွင် စတင်အတည်ပြုလာခြင်း ဖြစ်သည်။ 

ယင်းသည် မြော်ကိုရီးယားအတွက် ပထမဆုံး COVID-19 ကူးစက်မှုအဖြစ် တရားဝင် အတည်ပြုခြင်းဖြစ်ကာ ကပ်ဘေးစတင်ချိန်မှစပြီး စီးပွားရေး ကြီးမားစွာ ဝန်ပိရသည့် နှစ်နှစ်ကြာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ် ကျိုးပျက်သွားခြင်းလည်း ဖြစ်သည်။ 

မြောက်ကိုရီးယားသည် ကမ္ဘာတွင် အဆိုးဆုံးအဖြစ် မပြည့်စုံသော ကျန်းမာရေး စနစ် ရှိနေကာ မရှိမဖြစ် ဆေးဝါးနှင့် အသုံးအဆောင်များလည်း ချို့တဲ့ကြောင်း ပညာရှင်များက ပြောကြသည်။ 

နိုင်ငံတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချထားပြီး တရုတ်၏ ဗိုင်းရပ်စ် တားဆီးကာကွယ်ရေး နည်းလမ်းများကို လိုက်လံဆောင်ရွက်သွားမည်ဟု ကင်ဂျုံးအွန်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly