ရေစကြိုနယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၂၂ ဦး သေဆုံး 

14 May 2022
ရေစကြိုနယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၂၂ ဦး သေဆုံး 

မေ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများအားမီးရှို့ဖျက်ဆီးခဲ့သည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ဘိစပ်ကုန်းရွာမှအထွက် မေလ ၁၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ၁၈ ဖွဲ့မှ တိုက်ခိုက်မှုပြုလုပ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးကြောင်း အဖွဲ့အသီးသီးမှ ထုတ်ပြန်ထားသည်။ 

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှတဆင့် ရေစကြိုနယ်ထဲသို့ ဝင်ရောက် လာကာ ရွာပေါင်းရွာ၊ ဆယ်ရွာကျေးရွာနှင့် ဘိစပ်ကုန်းကျေးရွာများရှိ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်သည်။ 

“သူတို့က ရေစကြိုထဲစရောက်ကတည်းက တစ်ရွာဝင်တစ်ရွာထွက် မီးရှို့နေတာ။ မီးရှို့သွားတဲ့ ရွာပေါင်း မနည်းဘူး။ အဲဒါနဲ့ ဘိစပ်ကုန်းရွာကို မီးရှို့တဲ့အချိန်ကြတော့ ကျန်တော်တို့ ဒီကနေ စစ်ကူတွေသွားတယ်။ ကျွန်တော်တို့ကပစ်တော့ သူတို့ဘက်က ကျတဲ့အခါမှာ လှေကုတ်ရွာထဲကိုဝင်ပြေးတယ်။ ကျွန်တော်တို့ ကလည်း နောက်ကနေ ကျတဲ့လူတွေရဲ့လက်နက်တွေကောက်ဖို့ လိုက်တာ။ အဲဒီမှာ ရွာထဲကနေ ပြန်ခံ ပစ်တယ်။ အဲဒါကြောင့် လက်နက်တွေ မကောက်လိုက်ရဘူး ။မနက်လင်းတော့ လှေကုတ်ရွာကိုပါ သူတို့ မီးထပ်ရှို့တယ်” ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် မြောင် မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ဦးဆောင်သူ ကိုနွေဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များ မေလ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင် ဘိစပ်ကုန်းကျေးရွာမှ ပြန်အထွက်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကျအဆုံးများသဖြင့် လှေကုတ် ရွာထဲသို့ ဝင်ပြေးသွားခြင်းဖြစ်သည်။ 
ဘိစပ်ကုန်းကျေးရွာနှင့် လှေကုတ်ရွာမှာ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်သွားရသော ရွာချင်းကပ်ဖြစ်သည်။ 

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၂၂ ဦးကျဆုံးကြောင်း ကာကွယ်ရေးတပ်များက အတည်ပြု ထုတ်ပြန်ထားပြီး ပြည်သူတစ်ဦးမှာလည်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့်ကျည် ခြေထောက်တွင် ထိမှန်ကာ ဆေးကုသမှုခံယူနေရသည်။ 

“၂၀ လောက်ကျတယ်ဆိုတာကို ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ တိုက်တဲ့ထဲမှာ နယ်ခံအဖွဲ့တွေလည်း ပါတယ်။ ရွာခံတွေလည်းပါတော့ ပြန်သိရတယ်။ ကျွန်တော်တို့က ရှေ့ကတိုက်သွားတာ။ စနိုက်ပါနဲ့ပစ် တာကိုက ရှစ်ယောက်သေတယ်။ ပြည်သူထိတာကတော့ တချို့ပြည်သူတွေက တိုက်နေကြတာကို မပြေး ဘဲ ဟိုကြားကနေလာကြည့် ဒီကြားကနေလာကြည့်နဲ့ ချောင်းကြည့်ကြတာတွေလည်းရှိတယ်။ အဲဒီမှာ ဟိုဘက် (စစ်ကောင်စီတပ်)က ရမ်းပစ်တာတွေ မှန်သွားတာပဲ” ကိုနွေဦးက ဆိုသည်။

လှေကုတ်ရွာအတွင်းတပ်စွဲခဲ့သည့် အဆိုပါစစ်ကောင်စီတပ် မေလ ၁၃ ရက်တွင် ရွာကိုမီးရှို့ကာပြန်ထွက် သွား၍ ပြည်သူ့ကာကွယ်ရေးတပ်သားများမှ မီးငြှိမ်းသတ်ရန် အရဲစွန့်ဝင်ရောက်လာစဉ်တွင် နယ်မြေခံ ဘီလုံးပြောက်ကျားတပ်ဖွဲ့မှ PDF တစ်ဦး စစ်ကောင်စီတပ်ကင်းပုန်း၏ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။
ဗီဒီယို- ရေစကြိုမြို့နယ်၊ လှေကုတ်ရွာအား စစ်ကောင်စီတပ် မီးရှို့နေသည့်မြင်ကွင်း
#Mizzima
#ရေစကြိုနယ်
#မြောင်မြို့နယ်
#CDSOM
#မီးရှို့ဖျက်ဆီး
#စစ်ကောင်စီတပ်
#၂၂ဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly