ကိုဗစ်-၁၉ ကြောင့် ဝယ်လိုအား နည်းသွားပြီး ဧပြီလတွင် တရုတ်ပို့ကုန်များ ကျဆင်း

ကိုဗစ်-၁၉ ကြောင့် ဝယ်လိုအား နည်းသွားပြီး ဧပြီလတွင် တရုတ်ပို့ကုန်များ ကျဆင်း

ကိုဗစ်-၁၉ ဖြစ်ပွားမှု ပိုမိုဆိုးရွားလာခြင်းက ဝယ်လိုအားကို အားနည်းစေခြင်း၊ ထုတ်လုပ်မှုကို ထိခိုက်စေပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်တွင် ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲများ ကြုံတွေ့နေရသောကြောင့် ဧပြီလတွင် တရုတ်၏ ပို့ကုန်နှင့် သွင်းကုန်များလုပ်ငန်းများ ရုန်းကန်နေရသည်။ 

ဧပြီလတွင် ပို့ကုန်တိုးတက်မှုနှုန်းသည် ၂၀၂၁ခုနှစ်ကထက် ဒေါ်လာအနေဖြင့် ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်း သွားပြီး မတ်လတွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခြင်းနှင့် နှိုင်းယှဉ်နိုင်သည်ဟု အကောက်ခွန် အချက် အလက်က မေလ ၉ ရက်တွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ကျဆင်းသွားခြင်းသည် ၂၀၂၀ပြည့်နှစ် ဇွန်လနောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်ပြီး Bloomberg ၏ စီးပွားရေးပညာရှင်များ၏ စစ်တမ်းတစ်ခုတွင် ပျမ်းမျှ ၂ ဒသမ ၇ ရာခိုင်နှုန်း ခန့်မှန်းချက်ထက် အနည်းငယ်သာ ပိုမိုကောင်းမွန်ခဲ့သည်။

သွင်းကုန်ပမာဏ ဝ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားပြီးနောက် ဧပြီလတွင် အပြောင်းအလဲမရှိခဲ့ပေ။ စီးပွားရေးပညာရှင်များက ၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။

တရုတ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ယင်းတို့ကို ထိန်းချုပ်ရန် အစိုးရ၏ ဆောင်ရွက်ချက်များသည် တရုတ်၏ စီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး ကမ္ဘာအနှံ့ ထုတ်လုပ်ရေးကွင်းဆက်များကို ခြိမ်းခြောက်လျက်ရှိသည်။

ကမ္ဘာ့အကြီးဆုံးဆိပ်ကမ်းဖြစ်သော ရှန်ဟိုင်းတွင် လူဦးရေအများစုသည် ၅ ပတ်ကျော်ကြာ ပိတ်ဆို့ကန့်သတ်မှု အောက်တွင်နေခဲ့ရပြီး ဧပြီလ၏ အချက်အလက်များသည် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုအချက် အချာကျ သော ရှန်ဟိုင်းမြို့တွင် ကူးစက်ရောဂါကန့်သတ်ပိတ်ဆို့မှု၏
သက်ရောက်မှုကို ဖော်ပြနေသည်။

အစိုးရက ထုတ်လုပ်မှုလမ်းကြောင်းကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေသော်လည်း နိုင်ငံခြား စီးပွားရေးလုပ်ငန်းများက လုပ်ငန်းပြန်လည် စတင်နိုင်ခြင်းမရှိသေးဘဲ ပိတ်ဆို့ကန့်သတ်မှုများ ထပ်မံတင်းကျပ် ထားခြင်းကြောင့် ရှန်ဟိုင်းတွင် မည်သည့်အတိုင်းအတာထိ ပြန်လည်လည်ပတ်နေပြီကို မသိရသေးပေ။

ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်များက ၂၀၂၂ခုနှစ်၏ စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်း ပြည့်မီရေးအတွက် လှုံ့ဆော်ရေးစီမံချက်များ ပိုမိုလုပ်ဆောင်မည်ဟု ကတိပြုထားသော်လည်း တရုတ်အစိုးရက တင်းကျပ်သော ကိုဗစ်-၁၉ ကင်းစင်ရေး မဟာဗျူဟာကို
ဆက်လက်ကိုင်ဆွဲထားခြင်းကြောင့် ယင်း ၂ ချက်သည် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly