ပင်လယ်နက်တွင် ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ရုရှ ရေတပ်ထောက်ပို့ရေးရေယာဉ် မီးလောင် 

ပင်လယ်နက်တွင် ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ရုရှ ရေတပ်ထောက်ပို့ရေးရေယာဉ် မီးလောင် 

မေ ၁၃

ပင်လယ်နက်တွင် ယူကရိန်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ရုရှရေတပ် ထောက်ပို့ရေးရေယာဉ်တစ်စင်း မီးလောင်ပျက်စီးကြောင်း ယူကရိန်းသတင်းဌာနများက ဖော်ပြသည်။ 

Zmiinyi ကျွန်းနားတွင် ယူကရိန်းရေတပ်၏ တိုက်ခိုက်မှုကြောင့် ရုရှထောက်ပို့ရေးသင်္ဘော Vsevolod Bobrov မီးလောင်ခဲ့ခြင်း ဖြစ်သည်။ 

ရုရှရေတပ် သင်္ဘောသစ်များမှ တစ်စီးအပါအဝင်ဖြစ်သည့် Vsevolod Bobrov ကို တိုက်ခိုက်ခဲ့ကြောင်း အိုဒက်ဆာဒေသ စစ်ကွပ်ကဲရေးရုံး ပြောခွင့်ရသူ Serhiy Bratchuk အရ သိရသည်။ 

လက်ရှိ၌ အဆိုပါ သင်္ဘောသည် ကျူးကျော်သိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ ဆီဗာစတိုပိုလ်မြို့သို့ ဦးတည်သွားနေပြီဟုလည်း ဆိုသည်။ 

အစောပိုင်း မေ ၇ ရက်နေ့က ပင်လယ်နက်ရှိ စနိတ်ကျွန်းအနီးတွင် ရုရှသင်္ဘောတစ်စင်းအား ယူကရိန်းဒရုန်းတစ်စင်းက ဒုံးကျည်ပစ်ခတ်၍ ပျက်စီးခဲ့သည့် ဗီဒီယိုကို ယူကရိန်းက ထုတ်လွှင့်ခဲ့သည်။ 

ဧပြီလအတွင်း၌လည်း ရုရှသင်္ဘော Moskva ကို သင်္ဘောဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။ ယင်းသင်္ဘောသည် မီလောင်ပြီး ယာဉ်ပေါ်ရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲ၍ ‘ကြီးကြီးမားမား ပျက်စီးခဲ့သည်’ဟု ၎င်းတို့က ဖြည့်စွက်ဆိုသည်။ 

ရုရှကျူးကျော်ချိန်မှစကာ စစ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ရုရှတပ်များ၏ စစ်သုံးတင့်ကားများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက အတည်ပြုထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly