ကျောင်းတက်ခွင့် ပိတ်ပင်ခံရမှုကြောင့် အာဖဂန်မိန်းကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေဟု ကျွမ်းကျင်သူများ ပြော

ကျောင်းတက်ခွင့် ပိတ်ပင်ခံရမှုကြောင့် အာဖဂန်မိန်းကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေဟု ကျွမ်းကျင်သူများ ပြော

အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်အုပ်ချုပ်မှုအောက်တွင် ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရသည့် ၆ တန်းနှင့်အထက် အာဖဂန်ကျောင်းသူမိန်းကလေးများသည် ယင်းကဲ့သို့ ပိတ်ပင်ခံထားရမှုကြောင့် စိတ်ဖိစီးမှုနှင့် ရင်ဆိုင်ခံစားနေရကြရသည်ဟု စိတ်ပညာရှင်များက ပြောကြောင်း Tolo News က ဖော်ပြသည်။

“တစ်ယောက်ယောက်အနေနဲ့ တစ်ခုခုကို လုပ်ရတာ ကြိုက်နှစ်သက်ပြီး အဲဒါကို လုပ်ခွင့်မရဘဲ ပိတ်ပင်ခံရတဲ့အချိန်မှာဆိုရင် ဒါဟာ စိတ်ဖိစီးမှုနှင့် ပူပန်သောကတို့ကို ဖြစ်စေပါလိမ့်မယ်။ ပညာသင်ချင်ပေမယ့် ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ မိန်းကလေးငယ်လေးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားနဲ့ တွေ့ကြုံရပါလိမ့်မယ်” ဟု စိတ်ပညာရှင်တစ်ဦး ဖြစ်သည့် ဂျမ်ရှစ် ရာဆာက ပြောကြောင်း Tolo News က ကိုးကား ဖော်ပြသည်။

အဆိုပါ ပြောကြားချက်မျိုးနှင့် ကျိုးကြောင်းညီညွတ်စွာဖြင့်ပင် အာဖဂန် ကျောင်းသူမိန်းကလေးများကလည်း စာသင်ကျောင်းများ ပိတ်ထားခြင်းကြောင့် ၎င်းတို့ စိတ်သောက ရောက်ရခြင်းကို ထုတ်ဖော်ထားသလို ၎င်းတို့အနေဖြင့် ကျောင်းများ ပြန်မဖွင့်မချင်း စက္ကန့်များကို ရေတွက်နေကြရသည်ဟု ပြောခဲ့ကြသည်။

“ကျောင်းတွေ ပြန်မဖွင့်သေးလို့ ကျွန်မ အင်မတန်ပဲ စိတ်ပျက်နေမိတယ်။ ပညာသင်ခွင့်ရဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အခွင့်အရေးပါ” ဟု အနာဂတ်တွင် ဆရာဝန်တစ်ဦးဖြစ်ချင်သည့် ၁၀ တန်းကျောင်းသူတစ်ဦးဖြစ်သော ဆာအိဒါက ပြောသည်။

“ဒီအခြေအနေက ဘယ်လိုပုံစံ ဖြစ်နေသလဲဆိုတာ ကျွန်မတို့ဖြင့် သေချာကို မသိတော့ပါဘူး။ ကျွန်မတို့ရဲ့ အနာဂတ်တွေကို ထုဆစ်ပုံဖော်ဖို့ ကျွန်မတို့ ကျောင်းတက်ခွင့်ရသင့်ပါတယ်” ဟု အခြားကျောင်းသူ တစ်ဦး ဖြစ်သည့် ဆက်တီယစ်ရှ်က ပြောကြောင်း Tolo News က ကိုးကား ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် မိန်းကလေးများကို ပညာသင်ခွင့် ပိတ်ပင်ခြင်းအားဖြင့် ထိုနိုင်ငံတွင် မိန်းကလေးများ အချိန်မတိုင်မီ လက်ထပ်ရမှုနှင့် အတင်းအကျပ် လက်ထပ်ခိုင်းခံရမှုတို့ဆီ ဦးတည်စေနိုင်ကြောင်း လူမှုဗေဒပညာရှင်များက ပြောကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly