ပါကစ္စတန်အစိုးရသစ်ကို ဆန့်ကျင်သည့် အစ္စလမ်မာဘတ်သို့ ခရီးရှည် ချီတက်ပွဲ ပြုလုပ်မည်ဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ကြေညာ

ပါကစ္စတန်အစိုးရသစ်ကို ဆန့်ကျင်သည့် အစ္စလမ်မာဘတ်သို့ ခရီးရှည် ချီတက်ပွဲ ပြုလုပ်မည်ဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ကြေညာ

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် မေလ၏ နောက်ဆုံးသီတင်းပတ်၌ အစ္စလမ်မာဘတ်သို့ ကြီးမားသော ချီတက်ပွဲတစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဧပြီ ၃၀ ရက်တွင် ကြေညာသည်။

ရှာဘတ် ရှာရစ် အစိုးရသည် “အကျင့်ပျက်သော အစိုးရ၊ ပြည်ပကနေ တင်သွင်းလာသော အစိုးရ” ဖြစ်ကြောင်းလည်း ခန်းက သုံးနှုန်းပြောဆိုသည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရကို ဆန့်ကျင်ဆန္ဒပြရန်နှင့် ခရီးရှည် ချီတက်မှုတစ်ရပ် လုပ်ဆောင်ရန် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ အီမရန် ခန်းက ၎င်း၏ ပါတီဝင်များနှင့် ထောက်ခံသူများကို ဗီဒီယိုမက်ဆေ့ချ်တစ်ခုကနေတဆင့် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

PTI ပါတီ ထောက်ခံသူဖြစ်စေ၊ မထောက်ခံသူဖြစ်စေ ပါကစ္စတန်နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံကို ‘ပေါ်တင် စော်ကားမှု’ အတွက် ဆန့်ကျင်ဆန္ဒပြရန် မေလ၏ နောက်ဆုံးပတ်၌ အစ္စလမ်မာဘတ်သို့ ချီတက်ပွဲ၌ ပါဝင်ကြရန် ၎င်းက အလေးပေး တိုက်တွန်းခဲ့သည်ဟု ARY News က ဖော်ပြသည်။ အထူးသဖြင့် PTI ပါတီအကြီးအကဲသည် ကြီးမားသော လူထုစည်းဝေးပွဲတစ်ခုကို ရည်ညွှန်းနေခြင်း ဖြစ်သည်။

၎င်း၏ ပါတီသည် ကရာချိ၊ ပက်ရှာဝါနှင့် လာဟိုးမြို့တို့တွင် လူထုစည်းဝေးပွဲကြီးသုံးခု လုပ်ဆောင်ထားခဲ့ပြီး ထိုစည်းဝေးပွဲများ၌ နိုင်ငံတွင် ရွေးကောက်ပွဲအသစ်များ ကျင်းပရေး တောင်းဆိုခဲ့သည်။

PTI အစိုးရအပေါ် ဆန့်ကျင်သော ‘လျှို့ဝှက်ပူးပေါင်းကြံစည်ချက်’ ကို မီးမောင်းထိုးပြထားသည့် အမေရိကန်ထံမှ စာတစ်စောင်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၏ တိုးတက်မှု အခြေအနေကို မေးမြန်းရန် အီမရန် ခန်းက ပါကစ္စတန် တရားသူကြီးချုပ် အူမာ အက်တာ ဘန်ဒီယယ်နှင့် သမ္မတ အရစ်ဖ် အယ်လ်ဗီတို့ထံ စာရေးသားရန် ဆုံးဖြတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly