“တရားဝင် ဝင်လာတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် တရားမဝင် ဝင်လာမဲ့စနစ်တွေ  ပျောက်ပြယ်သွားမယ်” ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

“တရားဝင် ဝင်လာတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် တရားမဝင် ဝင်လာမဲ့စနစ်တွေ  ပျောက်ပြယ်သွားမယ်” ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

မေလ ၁၀ ရက်

မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ KTG HelpingHands Gerenal Services က Managing Director ကိုသားကြီးကို  ထိုင်းနိုင်ငံသို့ အလုပ်သမားများခေါ်ယူလာခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်ထားခြင်းဖြစ်သည်။

မေး။     ။ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ်-၂ တံတားက တစ်ဆင့် မြန်မာအလုပ်သမား ၂၉၀ နီးပါးကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက MOU ဖြင့် ထိုင်းနိုင်ငံက စတင်ခေါ်ယူလိုက်တဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။     ။ မြန်မာအလုပ်သမားတွေအတွက် ကြည့်ရင် တရားဝင် ဝင်လာတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် တရားမဝင် ဝင်လာမဲ့စနစ်တွေ  ပျောက်ပြယ်သွားမယ် လူကုန်ကူးမှုတွေလျော့နည်းသွားမယ် ဒါဟာ အလုပ်သမားတွေအတွက် ကောင်းတဲ့အလားအလာ တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ဘက်ကပြန်ကြည့်ရင် MOUနဲ့ သွင်းလာတယ်ဆိုတဲ့ နေရာမှာ COVID-19 မတိုင်ခင်က MOU စနစ်နဲ့ပဲ စာချုပ်ချုပ်ထားတဲ့ အလုပ်သမား ခြောက်သောင်းကျော်လောက်ရှိတယ် အဲဒီလူတွေနဲ့ ပတ်သက်ပြီး လက်ရှိMOUနဲ့ ၂၈၈ယောက် သွင်းလိုက်တဲ့အပေါ် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနကို ခင်ဗျားတို့ဘာတွေလုပ်ပေးမလဲလို့ မေးခွန်းထုတ်စရာရှိပါတယ် ဘာကြောင့်လဲဆိုတော့ COVID-19 မတိုင်ခင်က လူတစ်ယောက်ကို ကုန်ကျစရိတ် ၁၅သိန်းကနေ ၁၈သိန်း အထိပေးပြီး စာချုပ်ချုပ်ထားတဲ့ အလုပ်သမားခြောက်သောင်းကျော်ကို ဘယ်သူတွေက ဆက်ပြီး ကူညီပေးမလဲပေါ့ အရင်ကစာချုပ်ချုပ်ထားတဲ့သူတွေ ထွက်ခွင့်မရဘဲ အခုထွက်ခွင့်ရတဲ့ ၂၈၈ယောက်က လတ်တလောစာချုပ်ချုပ်ပြီး ထွက်ခွင့်ရတယ်ဆိုတော့ ဒါဟာ အလုပ်သမားအရေးမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေ ၊ အထူးသဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးဌာနက ဘာတွေလုပ်မလဲ ဒါကိုမေးရမှာပေါ့။

မေး။      ။ အလုပ်သမားတွေကို MOUနဲ့ခေါ်တာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။      ။ MOUနဲ့ ဝင်လာတာ ကောင်းလားဆိုတော့ တရားဝင် ဝင်လာတာဖြစ်တဲ့အတွက် အလုပ်သမားတွေအတွက် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ အခုလိုမျိုး အလုပ်သမားတွေ ဒီနေ့မှာ ပထမဆုံးခြေလှမ်း အဖြစ်နဲ့ စာချုပ်ချုပ်ပြီး MOUနဲ့ တရားဝင် ဝင်လာတယ် COVID-19 မတိုင်ခင်က အေဂျင်စီများစွာနဲ့ စာချုပ်ချုပ်ထားတဲ့ အလုပ်သမား ခြောက်သောင်းကျော်နဲ့ပတ်သက်ပြီး အေဂျင်စီတွေအနေနဲ့ အဲဒီအလုပ်သမားတွေကို ဘယ်လိုကူညီဆောင်ရွက်ပေးမလဲ၊ဘယ်တော့ထွက်ခွင့်ရမလဲ ဆိုတာကို အလုပ်သမားတွေကိုယ်စား အေဂျင်စီတွေကို မေးခွန်းထုတ်ရမလို ဖြစ်နေတယ်

မေး။    ။ ထိုင်းနိုင်ငံထဲကို အလုပ်သမားတွေခေါ်ယူလာဖို့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေမြင်တွေ့ထားရပါသလဲ။

ဖြေ။     ။ လက်ရှိ ဒီထိုင်းနိုင်ငံထဲကို MOU စနှစ်နဲ့ ဝင်လာတဲ့ အလုပ်သမားတွေ ဝင်လာလို့ ရသလို ထိုင်းအစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာနကလည်း သူ့နိုင်ငံရဲ့ စီးပွားရေးအတွက် အလုပ်သမား လိုအပ်ချက်အရ အလုပ်သမားတွေကို လက်ခံဖို့အတွက် သူတို့ ဌာနပေါင်းစုံကနေ မြန်မာနိုင်ငံသူ၊နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ဝမ်းပန်းတသာ ကြိုဆိုကြတယ် ဒါပေမယ့် သူ့နိုင်ငံထဲမှာ  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူပေါင်း ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိရှိတဲ့ အဖမ်းခံထားရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ထိုင်းအချုပ်တွေ ထောင်တွေထဲမှာ ၊အထောက်ထားမဲ့ အလုပ်သမားတွေကို ပြည်တော်ပြန်အဖြစ်နဲ့ ပြန်ပို့ရမယ် ဒါတွေကိုတော့ ပြန်ပို့ဖို့ မကြိုးစားတာ ဒါဟာ ကိုယ့်ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်ပြီးတော့ ပြည်ပမိခင်နိုင်ငံကို ပြန်ပို့ခံရမယ့် အလုပ်သမားတွေအတွက်ကျတော့ လက်လွတ်စပယ်ပေါ့ ဒါဟာ ၊ဒီအတိုင်းလေးပဲ ပစ်ထားတယ် တစ်ဖက်က စစ်ကောင်စီကခန့်တဲ့ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေကလည်း ဒါကို တစ်စုံတစ်ရာ တောင်းဆိုတာတွေ မရှိဘဲနဲ့ တံတားက ပြန်ပြီးတော့ လက်မခံလို့ ပြန်မပို့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမား ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံထဲမှာ ဒုက္ခရောက်နေတယ်ဆိုတာကိုလည်း မီဒီယာကနေတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အသိပေးစေချင်တာပါ။

မေး။      ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required