မြန်မာအလုပ်သမား ၂၉၀ နီးပါး MOUဖြင့် ထိုင်းနိုင်ငံသို့ စတင်ခေါ်ယူ

By ကိုရွှေမြိတ်
10 May 2022
မြန်မာအလုပ်သမား ၂၉၀ နီးပါး MOUဖြင့် ထိုင်းနိုင်ငံသို့ စတင်ခေါ်ယူ

မြဝတီ၊ မေလ၊ ၁၀

ကရင်ပြည်နယ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ်-၂ တံတားမှ တစ်ဆင့် မြန်မာ အလုပ်သမား ၂၉၀ နီးပါးကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက MOU ဖြင့် ထိုင်းနိုင်ငံမှ စတင်ခေါ်ယူလိုက်ပြီး ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှ ပထမအသုတ် စတင်ခေါ်ယူ လိုက်သည့် MOU အလုပ်သမား ၂၈၈ ဦးကို ထိုင်းဖက်က လက်ခံ ကြိုဆိုခဲ့ပြီး အဆိုပါ အလုပ်သမားများကို ထိုင်းနိုင်ငံ Panuspoultry Group Co., Ltd ကြက်သား စက်ရုံ၌ လုပ်ကိုင် နိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများအတွက် တရားဝင်လမ်းကြောင်းမှတစ်ဆင့် လာခွင့်ရသည့် အခွင့်ရေး ဖြစ်သည့်အတွက် တရားမဝင် ဝင်လာမည့် စနစ်များ ပျောက်ပြယ်သွားမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု လျှော့နည်းသွားနိုင်မည်ဟုလည်း အလုပ်သမားအရေးဆောင်ရွက်နေသူတချို့က မှတ်ချက်ပြုထားသည်။

“MOU စနစ်နဲ့ ဝင်လာမယ် အလုပ်သမားတွေ COVID-19 မတိုင်ခင် အလုပ်သမား ခြောက်သောင်းကျော်လောက် စာချုပ် ချုပ်ထားတာ ရှိတယ်။ လက်ရှိ MOU ၂၈၈ ယောက်ကို သွင်းလိုက်တဲ့ အတွက် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနက ဘာတွေ လုပ်ပေးမလဲ ဆိုတာ မေးခွန်း ထုတ်စရာရှိပါတယ်။ COVID-19 မတိုင်ခင်မှာ ကုန်ကျ စရိတ်တွေ လူတစ်ယောက်ကို ၁၅ သိန်းကနေ ၁၈ သိန်းလောက်အထိ ကုန်ကျ စရိတ် ပေးပြီးတော့မှ စာချုပ် ချုပ်ထားတဲ့ ရွေ့ပြောင်း အလုပ်သမား ခြောက်သောင်းကျော်ကို ဘယ်သူတွေက ဆက်ပြီး ကူညီပေးမလဲ” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ KTG HelpingHands Gerenal Services မှ Managing Director ကိုသားကြီးက ပြောသည်။

ယခင်က အကုန်ကျခံ၍ စာချုပ် ချုပ်ထားသည့် သူများ တရားဝင်ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ခွင့် ရရှိရေးမှာ စစ်ကောင်စီခန့် အပ်ထားသည့် ဝန်ကြီးဌာနက မည်သို့လုပ်ဆောင်ပေးမည်ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း ၎င်းကပြောသည်။

#Mizzima

#ကရင်ပြည်နယ်

#မြ၀တီ-မဲဆောက်

#ချစ်ကြည်ရေးအမှတ်-၂

#မြန်မာအလုပ်သမား

#MOU

#Myanmar Labour Attache Office

#Panuspoultry Group Co, Ltd

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly