ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ၌ အာဏာရှင်ဟောင်း၏ သားဖြစ်သူ သောင်ပြိုကမ်းပြို အနိုင်ရ 

ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ၌ အာဏာရှင်ဟောင်း၏ သားဖြစ်သူ သောင်ပြိုကမ်းပြို အနိုင်ရ 
Photo - AFP

မေ ၁၀

နုနယ်သော ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီအတွက် ဘေးအန္တရာယ် ဖြစ်စေလိမ့်မည်ဟု သတိပေးချက်များကို မဲပေးသူများက အရေးမထားခြင်းကြောင့် အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်၏ သားဖြစ်သူသည် သမ္မတရွေးကောက်ပွဲ၌ အင်္ဂါနေ့တွင် သောင်ပြိုကမ်းပြို အနိုင်ရသည်။ 

ကနဦး မဲရေတွက်မှု ၉၀ ရာခိုင်နှုန်းကျော်တွင် ဖာဒီနန် “ဘွန်ဘွန်” မားကို့စ် ဂျူနီယာက မဲအရေအတွက် သန်း ၃၀ နီးပါး ရရှိထားရာ အနီးစပ်ဆုံး ပြိုင်ဖက်ဖြစ်သူ လစ်ဘရယ်ကိုယ်စားလှယ်လောင်း လီနီ ရော့ဘရီဒို၏ မဲရလဒ်ထက် နှစ်ဆကျော် ရှိနေသည်။ 

ထို မဲရလဒ်အားဖြင့် မားကို့စ်မိသားစု၏ ကံကြမ္မာအတွက် နောက်ထပ် အံ့အားသင့်စရာ အလှည့်အပြောင်းပဲ ဖြစ်စေတော့မည် ဖြစ်သည်။ မားကို့စ်မိသားစုသည် သမ္မတအိမ်တော်မှသည် အပယ်ခံဘဝအထိ ဖြတ်သန်းခဲ့ရပြီး ရာစုဝက်နီးပါးအကြာတွင် ယခုတဖန် သမ္မတအိမ်တော်သို့ တက်လှမ်းရဖို့ ရှိနေသည်။ 

၁၉၈၆ ခုနှစ်က အာဏာရှင် မားကို့စ်နှင့် အာဏာအလွဲသုံးစားပြုလုပ်ရာ၌ မကောင်းသတင်း ကျော်ကြားသော ဇနီးဖြစ်သူ အီမယ်လ်ဒါ မားကို့စ်တို့သည် “ပြည်သူ့အာဏာ” တော်လှန်ရေးကြောင့် ပြည်ပြေးခဲ့ကြရခြင်း ဖြစ်သည်။ 

မားကို့စ် ဂျူနီယာ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် ၎င်းတို့ မိသားစု၏ ရက်စက်ပြီး အကျင့်ပျက်သော အုပ်ချုပ်ရေးကို အတောမသတ်သော အွန်လိုင်းမှ ဖုံးဖိဖာထေးခြင်းများဖြင့် ပြုလုပ်ခဲ့ရသည်။ ထိုပြင် ကျယ်ကျယ်ပြန့်ပြန့် လူကြိုက်များ ထောက်ခံမှု ရှိနေဆဲဖြစ်သည့် အာဏာရှင်ဆန်သော လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေး၏ လက်ခံယုံကြည်မှု အင်အားကိုလည်း ရယူခဲ့ရခြင်း ဖြစ်သည်။ 

ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့ပါက မားကို့စ် ဂျူနီယာသည် သံလက်သီးမိုး အုပ်ချုပ်လာနိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ကက်သလစ်အကြီးအကဲများနှင့် နိုင်ငံရေးအကဲဖြတ်များက သတိပေးထားကြသည်။ 

မနီလာရှိ မဲဆွယ်ရေးရုံးချုပ်မှနေ၍ ပြီးခဲ့သည့်ညက မိန့်ခွန်းပြောရာတွင် ပင်ပန်းနေပုံရသော်လည်း ပြုံးပျော်နေသည့် မားကို့စ်က လများစွာ “အနစ်နာခံ လုပ်ကိုင်ဆောင်ရွက်ခြင်း”အတွက် စေတနာ့ဝန်လုပ်အားပေးများကို ကျေးဇူးတင်ကြောင်း ပြောဆိုသည်။ 

သို့ရာတွင် အောင်ပွဲခံခြင်းကိုမူ ၎င်းက မပြုလုပ်ဘဲ “မဲက ရေတွက်နေဆဲဖြစ်သည်”ဟု သတိပေးသည်။ 

“ရှင်းရှင်းလင်းလင်း သိရချိန်အထိ စောင့်ကြရအောင်၊ တစ်ရာ ရာခိုင်နှုန်း ရေတွက်ပြီးစီးမှ ကျွန်တော်တို့ အောင်ပွဲခံကြမယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly