အမေရိကန်က ကုန်သွယ်ရေးဆက်ဆံမှုကို နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်နေဟု တရုတ်သံအမတ် စွပ်စွဲ

အမေရိကန်က ကုန်သွယ်ရေးဆက်ဆံမှုကို နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်နေဟု တရုတ်သံအမတ် စွပ်စွဲ

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်းဂန်းက ဘိုင်ဒင်အစိုးရသည် တရုတ်-အမေရိကန် စီးပွားရေးကို နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်နေပြီး တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန်စည်းကြပ်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ယခုနှစ်အတွင်း တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတွင် မသေချာမရေရာမှုများနှင့် မတည်မငြိမ်မှုများမှာ အမေရိကန်ကြောင့် ဖြစ်ပေါ်လာရသည်ဟု ချင်းဂန်းက ဆိုသည်။

“ထရမ့်အစိုးရက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၀၁ အခွန်စည်းကြပ်မှုဟာ ဆက်လက်အသက်ဝင်နေဆဲပါ။ အမေရိကန်က အခုအချိန်မှာ တရုတ်-အမေရိကန်ဆက်ဆံရေးကို ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ဒီလိုအခြေအနေမှာ စီးပွားရေးလုပ်ငန်းနဲ့ ကုန်သွယ်မှုကို နိုင်ငံရေး သဘောသက်ဝင်အောင် လုပ်နေကြတယ်” ဟု ချင်းဂန်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုတည်ငြိမ်စေရန် နှင့် ကြိုတင်ခန့်မှန်းနိုင်မှုများ လုပ်နိုင်စေရန် အမေရိကန် အနေဖြင့် တရုတ်၏စီးပွားရေးလုပ်ငန်းများကို နိုင်ငံရေးသက်ဝင်အောင်ပြုလုပ်ခြင်းနှင့် ကုန်သွယ်ရေးကို လက်နက်တစ်ခုအဖြစ် အသုံးပြုခြင်းကို ရပ်တန့်သင့်ကြောင်း ၎င်းက ပြောခဲ့သည်။

ထရမ့်အစိုးရလက်ထက်က တရုတ်သွင်းကုန်များအပေါ် ထပ်လောင်းအခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ချင်းဂန်းက “ဒါက အမေရိကန်ရဲ့ ကုန်သွယ်လိုငွေပြမှုကို မလျှော့ချနိုင်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်ကုမ္ပဏီနဲ့ အမေရိကန်စားသုံးသူတွေကို ပိုပြီးတော့ ကုန်ကျစေပါတယ်” ဟု ဆိုသည်။

“အမေရိကန်အစိုးရအနေနဲ့ ပြန်လည်စဉ်းစားဖို့နဲ့ အခွန်စည်းကြပ်မှုကို စောစော ပယ်ဖျက်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အမေရိကန်က ဆက်လုပ်နေမယ်ဆိုရင် ထပ်မံဆုံးရှုံးမှုတွေအတွက် ပြင်ဆင်နေသလားတောင် မသိပါဘူး။ သူတို့က ဒီအတိုင်းဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ကလည်း လိုက်လျောညီထွေဖြစ်အောင် နေရမှာပေါ့” ဟု ချင်းဂန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required