ဟောင်ကောင်စာအုပ် အရောင်းသမားများ ပျောက်ဆုံးသည့်ကိစ္စ ရှင်းလင်းချက်ပေးရန် တရုတ်ကို အမေရိကန်တောင်းဆို

ဟောင်ကောင်စာအုပ် အရောင်းသမားများ ပျောက်ဆုံးသည့်ကိစ္စ ရှင်းလင်းချက်ပေးရန် တရုတ်ကို အမေရိကန်တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ ။            ။ ဟောင်ကောင်စာအုပ် အရောင်းသမားများ ပျောက်ဆုံးသည့်ကိစ္စ ရှင်းလင်းချက်ပေးရန် အမေရိကန်က ပေကျင်းအား ဖေဖော်ဝါရီ ၁တွင် တောင်းဆိုသည်။

ယင်းသို့ပျောက်ဆုံးသည့်ကိစ္စများက ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် တရုတ်၏ ကတိကဝတ်နှင့် ပတ်သက်၍ လေးနက်သည့်မေးခွန်းများကို ဖြစ်ပေါ်စေသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

မကြာသေးမီလများအတွင်းက ပေကျင်းခေါင်းဆောင်များကို ဝေဖန်သည့်စာများ ထုတ်ဝေသော ဟောင်ကောင်၏ Mighty Current စာအုပ်ထုတ်ဝေရေးတိုက်မှ စာအုပ်ရောင်းသူ ငါးဦးကို တရုတ်ပြည်မကြီးတွင် ထိန်းသိမ်းထားမည်ကို စိုးရိမ်ရသည်။

"ငါးယောက်စလုံးရဲ့ လက်ရှိအခြေအနေနဲ့ သူတို့ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့အခြေအနေတွေကို ရှင်းလင်းပေးဖို့ တရုတ်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ နောက်ပြီး သူတို့ကို အိမ်ပြန်ခွင့်ပေးဖို့လည်း တိုက်တွန်းပါတယ်"ဟု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောခွင့်ရအမျိုးသား ဂျွန်ကာဘီက ဝါရှင်တန်တွင် သတင်းထောက်များကို ပြောကြားသည်။

ပျောက်ဆုံးသူငါးဦးတွင် ဥရောပနိုင်ငံများမှ နိုင်ငံသားနှစ်ဦးပါဝင်သည်။ ၎င်းတို့မှာ ထိုင်းနှင့် ဟောင်ကောင်တွင် ပျောက်သွားခဲ့သည်။ ဟောင်ကောင်တွင် ပြည်မကြီးမှ ရဲများ လုပ်ပိုင်ခွင့်မရှိပေ။ နိုင်ငံတကာ အတိုင်းအတာအထိ တရုတ်အာဏာပိုင်များ ခြေတံလက်တံရှည်လာမည်ကို စိုးရိမ်နေရသည်။

ဗြိတိသျှပတ်စ်ပို့ကိုင်ဆောင်ထားသော လီပိုနှင့် ဆွီဒင်နိုင်ငံသား ကွေ့မင်ဟယ်တို့နှစ်ဦးစလုံးမှာ တရုတ်တွင် မွေးဖွားခဲ့ကြပြီး သမ္မတရှီကျင်းပင်း၏ ချစ်မှုရေးရာဘဝနှင့် ပတ်သက်၍ အတွင်းရေးအားလုံး ဖွင့်ချမည့် စာအုပ်တစ်အုပ်လုပ်ရန် ပြင်ဆင်နေကြသည်ဟု ကောလာဟလများထွက်ပေါ်နေခဲ့သည်။

ပျောက်ဆုံးသူငါးဦးမှာ ပြန်ပေးဆွဲခံရခြင်းဖြစ်နိုင်ကြောင်း တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ရှိ လှုပ်ရှားတက်ကြွသူများ၊ မီဒီယာများနှင့် နိုင်ငံရေးသမားများက ထုတ်ဖော်ပြောဆို လျက်ရှိသည်။ ဝေဖန်သည့် ပျောက်ဆုံးသူစာအုပ်အရောင်းသမားများကို ပြည်မကြီးအာဏာပိုင်များက ပြန်ပေးဆွဲသွားခြင်းဖြစ်သည်ဟု ဒီမိုကရေစီလိုလားသူများ၊ တက်ကြွသူများနှင့် ဋ္ဌာနေများက ယုံကြည်လျက်ရှိသည်။

ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဗြိတိန်နှင့် အီးယူမှ ဥပဒေပြအမတ်များက ပွင့်ပွင့်လင်းလင်းပြောဆိုဝေဖန်ခဲ့ကြပြီး ၎င်း၏နိုင်ငံသားများအပေါ် ယင်းသို့ပြုကျင့်မှုကို လုံးဝလက်မခံနိုင်ဟု ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly