ပါကစ္စတန်အစိုးရက ဘီလျံနာများ ပါဝင်သည့် စီးပွားရေးအကြံပေးကောင်စီကို ဖွဲ့စည်း

By Zee5
06 May 2022
ပါကစ္စတန်အစိုးရက ဘီလျံနာများ ပါဝင်သည့် စီးပွားရေးအကြံပေးကောင်စီကို ဖွဲ့စည်း

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် စီးပွားရေး ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲရန်နှင့် ပြည်တွင်းလုပ်ငန်း ကာကွယ်‌ရေး မူဝါဒများကို အဆုံးသတ်ရန် ရည်ရွယ်ပြီး နိုင်ငံရှိ ဘီလျံနာသူဌေးအချို့ကို စီးပွားရေးအကြံပေးကောင်စီ (EAC) ၏ အဖွဲ့ဝင်များအဖြစ် ရွေးချယ်တာဝန်ပေးခဲ့ကြောင်း Express Tribune မီဒီယာက ဖော်ပြသည်။

အဆိုပါ ကောင်စီတွင် ပါကစ္စတန်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အပတ်စဉ်တိုင်း အစည်းအဝေးထိုင်ရန် ကနဦးအားဖြင့် စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

EAC ၏ အဖွဲ့ဝင်များထဲတွင် ဝန်ကြီးချုပ်ဟောင်း ရှာဟစ် ခါကန် အက်ဘာစီ၊ စီမံကိန်းရေးဆွဲမှု ဝန်ကြီး အက်ရှ်ဆန် အစ်ခ်ဘဲလ်၊ ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆလင်းမ် မန်ဗီဝေါ်လာ၊ ပြန်ကြားရေးဝန်ကြီး မာရီယမ် အော်ရန်ဇက်ဘ်၊ အငယ်တန်းဘဏ္ဍာရေးဝန်ကြီး အယီရှာ ဂေါ့စ် ပါရှားနှင့် အငယ်တန်းရေနံဝန်ကြီး မူဆာဒစ် မာလစ်တို့အပြင် ဘီလျံနာ သူဋ္ဌေးအများအပြား ပါဝင်လာသည်။

၎င်းတို့ထဲတွင် ထင်ရှားသူများမှာ နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် မီအန် မိုဟာမက် မန်ရှာနှင့် ၎င်း၏ တူဖြစ်သည့် ရှာဇက်ဒ် ဆလင်းမ် တို့ ဖြစ်ကြသည်။ ထို့ပြင် Lucky ဘိလပ်မြေလုပ်ငန်း ပိုင်ရှင် မိုဟာမက် အလီ တက်ဘာလည်း EAC တွင် ပါဝင်လာပြီး ၎င်းသည် ယခင်ဝန်ကြီးချုပ် အီမရန် ခန်း၏ EAC ကောင်စီတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် အခြားသော ဘီလျံနာ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အရစ်ဖ် ဟာဘစ်သည်လည်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်၏ EAC ကောင်စီတွင် ဆက်လက်ပါဝင်လာသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly