ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ မားကို့စ် အနိုင်ရပါက နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပြန်လည် အသက်သွင်းနိုင်

ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ မားကို့စ် အနိုင်ရပါက နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပြန်လည် အသက်သွင်းနိုင်
Photo - AFP

မေ ၅

ဖိလစ်ပိုင်နိုင်ငံတွင် လာမည့်သီတင်းပတ်ထဲ ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်၏ သား ဖြစ်သည့် မားကို့စ် ဂျူနီယာသာ အနိုင်ရပါက ယင်းနိုင်ငံတွင် အသုံးမပြုဘဲ ချောင်ထိုးထားသော နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံကို ပြန်လည် လည်ပတ်နိုင်သည်ဟု သိရသည်။

ထို နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဖာဒီနန် မားကို့စ် အာဏာရှင်အစိုးရကာလအတွင်း ယင်းနိုင်ငံတွင် ပြတ်ရွေ့ကြောင်းတစ်ခုနှင့် မီးတောင်များအနီး တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ အသုံးပြုခဲ့ရသည့် Bataan စက်ရုံသည် မားကို့စ် ခေတ်၏ အာဏာလောဘဇောတိုက်မှုနှင့် အဂတိလိုက်စားမှုတို့အတွက် ထင်ရှားသော သာဓကတစ်ခု ဖြစ်ခဲ့ပြီး ၁၉၈၆ ခုနှစ် အာဏာရှင်အစိုးရ ဖြုတ်ချခံရပြီးနောက် ယင်းစက်ရုံလည်း ချောင်ထိုးခံထားခဲ့ရသည်။

ထိုနှစ်မှာပင် ဖြစ်ပေါ်ခဲ့သည့် ချာနိုဘိုင်း နျူကလီးယား မတော်တဆမှုဖြစ်စဉ်က Bataan စက်ရုံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့ပြီး ထိုမတိုင်မီကတည်းက Bataan စက်ရုံ၏ ဒီဇိုင်းနှင့် တည်နေရာတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိထားခဲ့သည်။

ထို စက်ရုံသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၁၈ မီတာ (၅၉ ပေ) ရှိ ကမ်းရိုးတန်းတွင် တည်ရှိသလို ငလျင်များ မကြာမကြာ လှုပ်လေ့ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် မီးတောင်အချို့အနီး ယင်းစက်ရုံ တည်ရှိနေသည်။

သို့သော် ဖာဒီနန် မားကို့စ် ဂျူနီယာက အကယ်၍ ၎င်းရွေးကောက်ပွဲတွင် ရွေးကောက်ခံရပါက နျူကလီးယားစွမ်းအင် ရွေးချယ်အသုံးပြုမှုကို အရှိန်မြှင့်သွားမည်ဟု ပြောထားပြီး ဖခင်ဖြစ်သူ၏ မအောင်မြင်ခဲ့သည့် စီမံကိန်းကို ပြန်လည်အသက်သွင်းနိုင်သည့် ဖြစ်နိုင်​ခြေအလားအလာအတွက် တံခါးဖွင့်ထားခဲ့သည်။

“ကျွန်တော်တို့ဟာ နျူကလီးယား စွမ်းအင်ဘက်ကို တကယ်တမ်း ကြည့်ရပါလိမ့်မယ်” ဟု မားကို့စ် ဂျူနီယာက မတ်လက ပြောခဲ့သလို နိုင်ငံတွင် မတန်တဆ ဖြစ်နေသော လျှပ်စစ်နှုန်းထားများကို လျှော့ချနိုင်ရန် အနည်းဆုံး အဆိုပါ နျူကလီးယားစွမ်းအင် စက်ရုံတစ်ရုံ လိုအပ်သည်ဟု ၎င်းက အခိုင်အမာ ပြောသည်။

Bataan စက်ရုံကို ပြန်လည်ထူထောင်ရန် တောင်ကိုရီးယား၏ အဆိုပြုချက်တစ်ရပ်ကိုလည်း ပြန်လည်သုံးသပ်သင့်သည်ဟု မားကို့စ် ဂျူနီယာက ပြောသည်။ ၎င်းသည် နေစွမ်းအင်၊ လေစွမ်းအင်နှင့် ဘူမိအပူစွမ်းအင် နည်းပညာကို အားပေးသူတစ်ဦးဖြစ်သည်။

“ဒါကို နောက်တစ်ကြိမ် ကြည့်ကြပါစို့” ဟု ၎င်းက ပြောသည်။

တောင်ကိုရီးယားနှင့် ရုရှ ကျွမ်းကျင်ပညာရှင်များ၏ လေ့လာချက်များအရ လျှပ်စစ် မဂ္ဂါဝပ် ၆၂၀ ထုတ်နိုင်သော ထို စက်ရုံကို ပြန်လည် လည်ပတ်ရန် ဖြစ်နိုင်ခြေ ရှိသည်ကို ပြသနေကြောင်း စွမ်းအင်ဝန်ကြီး အယ်လ်ဖွန်ဆို ကူဆီက ၂၀၂၀ ပြည့်နှစ် ဆိနိတ်ကြားနာပွဲတစ်ခုတွင် ပြောသည်။

သို့သော် သက်တမ်းကြာနေပြီဖြစ်ပြီး ခေတ်မမီတော့သည့် analogue နည်းပညာ တင်ဆင်ထားသည့် စက်ရုံတစ်ရုံကို အဆင့်မြှင့်တင်ခြင်းက အချိန် အနည်းဆုံး လေးနှစ်ခန့် ယူရနိုင်ပြီး နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required