သီရိလင်္ကာတွင် အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆို မဲခွဲနိုင်ရေး အတိုက်အခံတို့ ကြိုးပမ်း

သီရိလင်္ကာတွင် အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆို မဲခွဲနိုင်ရေး အတိုက်အခံတို့ ကြိုးပမ်း

မေ ၄

သီရိလင်္ကာနိုင်ငံတွင် ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာနှင့် ၎င်း၏ ဝန်ကြီးအဖွဲ့ကို ဖြုတ်ချရန် ရည်ရွယ်သည့် အယုံအကြည်မရှိ အဆို ကြေညာချက်တစ်ရပ်ကို အဓိကအတိုက်အခံပါတီက မေလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျွန်းနိုင်ငံတွင် အဆိုးဆုံးသော စီးပွားရေးအကျပ်အတည်းကြီးတစ်ခုနှင့် ရင်ဆိုင်နေရစဉ် အစိုးရအဖွဲ့သည် နိုင်ငံတွင် ပြည်သူများအတွက် သင့်တင့်လျောက်ပတ်သော လူနေမှုအဆင့်အတန်းတစ်ရပ် ပံ့ပိုးပေးရမည့် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ တာဝန်ကို ပျက်ကွက်နေသည်ဟု အတိုက်အခံတို့က ပြစ်တင်ထားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ဆာဂျစ်သ် ပရီမာဒါဆာ ဦးဆောင်သည့် ညီညွတ်သော ပြည်သူ့ အင်အား ပါတီမှ အဖွဲ့တစ်ခုသည် ပါလီမန်တွင် အစိုးရအပေါ် အယုံအကြည်မရှိ အဆို မဲခွဲရေး တောင်းဆိုထားသည့် အဆိုတစ်ရပ်ကို ပါလီမန်လွှတ်တော် ဉက္ကဋ္ဌ မဟင်ဒါ ယာပါ အဘေးဝါဒီနာထံ တင်သွင်းခဲ့သည်။

ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာနှင့် ၎င်း၏ ညီဖြစ်သည့် သမ္မတ ဂေါ့တာဘာယာ ရာဂျာပက်ဆာ တို့ ရာထူးမှ နှုတ်ထွက်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပေါ်ပေါက်ထားခဲ့စဉ် အတိုက်အခံတို့၏ ယခု ကြိုးပမ်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံတွင် စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ရခြင်းအတွက် သမ္မတ ဂေါ့တာဘာယာသည် အဓိက တာဝန်ရှိသူဖြစ်သည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။

ရာဂျာပက်ဆာနှင့် အစိုးရအဖွဲ့ကို တာဝန်မှ ဖယ်ရှားရန် အမတ် ၂၂၅ ဦး ရှိ ပါလီမန်တွင် အများစု၏ ထောက်ခံမဲပေးမှုကို လိုအပ်မည် ဖြစ်သည်။ အတိုက်အခံဖြစ်သည့် ညီညွတ်သော ပြည်သူ့ အင်အား ပါတီသည် မဲ ၅၄ မဲသာ ရနိုင်မည် ဖြစ်သော်လည်း အခြား အတိုက်အခံ ပါတီငယ်များထံမှ မဲများ အပြင် အာဏာရ သီရိလင်္ကာ ပြည်သူ့တပ်ဦး ပါတီကို စွန့်ခွာ ဘက်ပြောင်းလာနိုင်သည့် အမတ်များထံမှ မဲများကိုပါ မျှော်လင့်နိုင်သည့် အနေအထားတွင် ရှိနေသည်။ အာဏာရပါတီသည် မဲ ၁၅၀ နီးပါး ရှိခဲ့သည် ဆိုသော်လည်း စီးပွားရေး အကျပ်အတည်းဆိုက်နေစဉ် အဆိုပါ အင်အားသည် ကျဆင်းထားခဲ့ပြီး အယုံအကြည်မရှိ အဆို မဲခွဲမှုတွင် ဘက်ပြောင်းမှုများက ဖြစ်ပေါ်နိုင်ခြေ ရှိနေသည်။

အယုံအကြည်မရှိ အဆို မဲခွဲမှုကို မည်သည့်အချိန်တွင် ပြုလုပ်မည်လဲ ဆိုသည်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်က ဗုဒ္ဓဟူးနေ့ ပါလီမန်အမတ်များ အစည်းအဝေး စထိုင်ပြီးနောက်ပိုင်း ပေါ်ပေါက်လာဖွယ် ရှိသည်။

သီရိလင်္ကာသည် ယင်း၏ ပြည်ပချေးငွေများ ပြန်ဆပ်မှုများကို ရပ်ဆိုင်းထားမည်ဟု မကြာသေးခင်က ကြေညာခဲ့ပြီးနောက် နိုင်ငံသည် ဒေဝါလီခံရတော့မည့်ဆဲဆဲ အခြေအနေတွင် ရောက်နေသည်။ ယင်းနိုင်ငံသည် ၂၀၂၆ ခုနှစ် နောက်ဆုံးထားပြီး ပြန်ဆပ်ရမည့် နိုင်ငံခြားချေးငွေ ဒေါ်လာ ၂၅ ဘီလီယံအနက် ယခုနှစ်တွင် ဒေါ်လာ ၇ ဘီလီယံ ပြန်ဆပ်ရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။ သီရိလင်္ကာ၏ အရန်နိုင်ငံခြားသုံးငွေကလည်း ဒေါ်လာ ၁ ဘီလီယံပင်မပြည့်သည့် ပမာဏသာ ရှိနေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly