နှစ်ပေါင်း ၆၆ သန်း သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို ထိုင်းတွင် တွေ့ရှိ

နှစ်ပေါင်း ၆၆ သန်း သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို ထိုင်းတွင် တွေ့ရှိ

မေ ၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှော့ပင်းမောတစ်ခု၏ အပြင်ဘက် လူသွားလမ်းတစ်ခု၌ မြုပ်ဝင်နေသည့် အခွံ ၇၀ ခု ကျော်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ သန်းကျော်က ရှင်သန်ခဲ့သည့် ပင်လယ်သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိထားသည်ဟု ထိုင်း ပညာရှင်များက အတည်ပြုသည်။

အဓိက ခရီးသွားအရပ်ဒေသတစ်ခုရှိ Siam Square ရှော့ပင်းစင်တာအနီး မီတာ ၄၀၀ ခန့် ကျယ်သော ကျောက်ပြားခင်းထားသည့် မျက်နှာပြင်ကြမ်းပြင်တစ်လျောက်တွင် ပျံ့နှံ့ရှိနေသည့် ၁၂ စင်တီမီတာ အတိုင်းအတာရှိ အဆိုပါ ခရု ပုံစံ ကျောက်ဖြစ်ရုပ်ကြွင်းများကို မျက်စိလျင်သော ဈေးဝယ်သူတစ်ဦးက ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုင်း၏ သဘာဝ အရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များသည် ammonite (အမ်မွန်နိုက်) ဟု ခေါ်သည့် ရှေးခေတ် ပင်လယ်သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း ၇၇ ခု ကို စစ်ဆေးလေ့လာ တွေ့ရှိခဲ့သည်။

Ammonites များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ သန်းခန့်က ကွယ်ပျောက်သွားသည်ဟု ယုံကြည်ရသည့် ပင်လယ်ရေနေသတ္တဝါများ ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ကျောက်ဖြစ်ရုပ်ကြွင်း ကာကွယ်ထိန်းသိမ်းရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ပရီချာ ဆိုင်သောင်က မေလ ၃ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

“အမ်မွန်နိုက်တွေက အမှန်တကယ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောပြီး ယခု ကျောက်ဖြစ်ရုပ်ကြွင်းများသည် ထိုင်းနိုင်ငံတွင် ပုံမှန်တွေ့နေကျ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ကွဲပြားသည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရာ လူသွားလမ်းသည် ပြီးခဲ့သည့် နှစ်နှစ်အကြာက ပြန်လည် ပြုပြင်ထားခဲ့ပြီး လက်ခွဲ ကန်ထရိုက်တာများက ထို အခွံများကို တန်ဆာဆင်မှုအဖြစ် ကွန်ကရစ်ထဲ ထည့်သွင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ဂျူယက်စစ်နှင့် ခရီတောစီယပ် ကာလများအတွင်း နေထိုင်ခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသော ပင်လယ်သမုဒ္ဒရာနေ ခရုမျိုး သတ္တဝါ ရုပ်ကြွင်းများကို မာဒါဂါစကာနှင့် မော်ရိုကို အပါအဝင် ပေါ်ပြူလာ ခရီးသွားနေရာအချို့တွင် အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ရောင်းချသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly