ဆီးရီးယားရှိ ရှီးယိုက်တို့၏ မြင့်မြတ်သောနေရာအနီး အိုင်အက်စ်တို့ ဗုံးခွဲ လူ ရ၁ ဦးသေ

ဆီးရီးယားရှိ ရှီးယိုက်တို့၏ မြင့်မြတ်သောနေရာအနီး အိုင်အက်စ်တို့ ဗုံးခွဲ လူ ရ၁ ဦးသေ

ဒမတ်စကပ်၊ ဖေဖော်ဝါရီ ၁ ။                ။ ဇန်နဝါရီ ၃၁က ဆီးရီးယား၏မြို့တော် ဒမတ်စကပ်၏ အပြင်ဘက် ရှီးယိုက်တို့၏ မြင့်မြတ်သောနေရာတစ်ခုအနီး ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၇၁ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက် ဖြစ်သည်ဟု အိုင်အက်စ်တို့က ပြောကြားသည်။

ဂျီနီဗာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ်များ ကျင်းပရန် ကုလသမဂ္ဂ၏ ဆီးရီးယားသံတမန်က ကြိုးပမ်းနေစဉ် ယင်းပေါက်ကွဲမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပေါက်ကွဲမှုများကြောင့် ကားများပက်လက်လှန် လွင့်စဉ်ခဲ့ပြီး ပြူတင်းမှန်များ ကွဲကြေခဲ့သည်။

ဆေယီဒါဇေနက် မြင့်မြတ်သောနေရာအနီး ပေါက်ကွဲမှုနှစ်ခုကြောင့် ကလေးငါးဦးအပါအဝင် လူ ၇၁ ဦးသေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် စောင့်ကြည့်သည့်အဖွဲ့တစ်ခုဖြစ်သော ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။

ပထမဗုံးကွဲမှုမှာ အသေခံကားဗုံးဖြစ်ပြီး ဒုတိယဗုံးမှာ လူများစုဝေးလာချိန်တွင် အသေခံဗုံးခွဲသမားက ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ပေါက်ကွဲမှုသုံးခု၊ သေဆုံးသူ ၅၀ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ကျော်ရှိသည်ဟု အစောပိုင်းက အစီရင်ခံခဲ့သည်။

ပထမပေါက်ကွဲမှုမှာ အထွဋ်အမြတ်နေရာအနီး ဘတ်စ်ကားဂိတ်တွင် ဖောက်ခွဲခဲ့သည့် ကားဗုံးဖြစ်ပြီး့အခင်းဖြစ်ရာသို့ လူများစုဝေးလာစဉ် အသေခံဗုံးခွဲသမားနှစ်ဦးက ဖောက်ခွဲလိုက်ခြင်းဖြစ် သည်ဟု နိုင်ငံပိုင်းသတင်းအေဂျင်စီ ဆာနာက အစီရင်ခံခဲ့သည်။ အဆိုပါမြင့်မြတ်သည့်နေရာအား ကာကွယ်ပေးမည်ဟု အီရန်နှင့် လက်ဘနွန်၏ စစ်သွေးကြွအုပ်စု ဟစ်ဇ်ဘိုလာတို့က ကတိပြုထားသည်။

ပေါက်ကွဲမှုများကြောင့် အနီးရှိ အဆောက်အဦတစ်လုံး၏ မျက်နှာစာပျက်စီးခဲ့ပြီး ယင်း၏ခြောက်လွှာများကို မီးသင့်စေခဲ့သည်ဟု အေအက်ဖ်ပီဓါတ်ပုံဆရာတစ်ဦးက ပြောသည်။

ဒမတ်စကပ်၏ တောင်ဘက်ရှိ ဆေယီဒါဇေနက်တွင် တမန်တော်မိုဟာမက်၏ မြေးမလေးတစ်ဦးဖြစ်သူကို မြုပ်နှံရာနေရာပါဝင်သည်။ ရှီးယိုက်မွတ်စလင်များ၏ ဘုရားဖူးနေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ယင်းနေရာသည် ဆီးရီးယား၏ ပြည်တွင်းပြည်ပမှ ဘုရားဖူးများကို ဆွဲဆောင်လျက်ရှိပြီး အထူးသဖြင့် အီရန်၊ လက်ဘနွန်နှင့် အီရတ်တို့မှာ ဘုရားဖူးများကို ဆွဲဆောင်နေသည်။

အိုင်အက်စ်ကဲ့သို့ အစွန်းရောက် ဆွန်နီအုပ်စုများက ရှီးယိုက်တို့အား မိစ္ဆာဒိဋ္ဌိများအဖြစ် ယူဆကြပြီး ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly