ရှန်ဟိုင်းကဲ့သို့ ပိတ်ဆို့မှုများ ဖြစ်မလာရန် ပေကျင်းတွင် မင်္ဂလာဧည့်ခံပွဲနှင့် အသုဘအခမ်းအနားများကို တားမြစ်ထား

ရှန်ဟိုင်းကဲ့သို့ ပိတ်ဆို့မှုများ ဖြစ်မလာရန် ပေကျင်းတွင် မင်္ဂလာဧည့်ခံပွဲနှင့် အသုဘအခမ်းအနားများကို တားမြစ်ထား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းသည် ရှန်ဟိုင်းကဲ့သို့ ပိတ်ဆို့ခံရမှုကိုရှောင်ရှားရန် ကျောင်းများကို ပိတ်ပစ်ခဲ့ပြီး မင်္ဂလာဧည့်ခံပွဲများနှင့် အသုဘအခမ်းအနားများကို ဆိုင်းငံ့ထားကြောင်း တောင်ကိုရီးယားမီဒီယာ Airrang က ဖော်ပြသည်။

မြို့တော်ပညာရေးဗျူရို၏ အဆိုအရ ကျောင်းများအားလုံးကို ဧပြီ ၂၉ ရက်မှစတင်နားရန် အမိန့်ထုတ်ထားပြီး ပြန်ဖွင့်မည့်ရက်ကို ကြေညာခြင်းမရှိပေ။

ပေကျင်းပြည်သူ သန်း ၂၀ ခန့်သည် ရောဂါစမ်းသပ်စစ်ဆေးမှုများကို မဖြစ်မနေ ခံယူနေရသည်။ တရုတ်နိုင်ငံသားများသည် ရိက္ခာများစုဆောင်းနေကြပြီး ဒေသတွင်းစူပါမားကတ်များတွင်လည်း ထိန့်လန့်စွာ ဝယ်ယူမှု မြင့်တက်လာသည်ဟု Airrang သတင်းတွင် ဖော်ပြထားသည်။

ဒေါသထွက်နေသော ရှန်ဟိုင်းမြို့ခံများသည် အာဏာပိုင်များ ချမှတ်ထားသည့် ပြင်းထန်သော စီမံချက်များကြောင့် တိုက်ခန်းပြတင်းပေါက်များမှ စိတ်ပျက်စွာဖြင့် အော်ဟစ်နေသည့်ဗီဒီယိုဖိုင်များကို လူမှုမီဒီယာတွင် တင်ခဲ့ကြသည်။ သို့သော် အစိုးရက ထိုသတင်းများကို ငြင်းဆိုထားသလို တာဝန်ရှိသူများ ကလည်း အားလုံးအဆင်ပြေပြေနှင့် စီမံနိုင်ကြောင်းပြောရင်း ကာကွယ်ပြောဆိုလျက်ရှိသည်။

ထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက်များ အထူးသဖြင့် စားနပ်ရိက္ခာပြတ်တောက်မှုသည် ပြည်သူများ၏ ပြဿနာကို ပိုမိုကြီးမားစေသည်။

ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ကြောင့် အသွားအလာပိတ်ဆို့မှုရှိနေချိန်တွင် အာဏာပိုင်များ ဖြန့်ဝေပေးသော မလတ်ဆတ်သည့် အစားအစာများကြောင့် စားမိသူများမှာ နေမကောင်းဖြစ်ခြင်းများ ကြုံခဲ့ရသည်။

အစိုးရ၏ ၂ နှစ်အတွင်းတွင် ကိုဗစ်-၁၉ ကိုင်တွယ်ပုံညံ့ဖျင်းခြင်းကြောင့် အာဏာပိုင်များကို ပြည်သူများက အယုံအကြည်မဲ့မှုတိုးလာသလို အစိုးရကိုလည်း အမျက်ဒေါသထွက်နေကြသည်။

အာဏာပိုင်များအနေဖြင့် ခက်ခဲသောအခြေအနေအောက်တွင် နေထိုင်နေကြသော ပြည်သူများအတွက် လတ်ဆတ်သော အစားအစာနှင့် ဆေးဝါးအကူအညီ ထောက်ပံ့ရန် အချိန်တန်ပြီဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly