ကိုဗစ်နှင့် စည်းမျဉ်း အားနည်းခြင်းကြောင့် ဟောင်ကောင်စတော့ကုန်စည်ဒိုင် အမြတ်များ ကျဆင်း

ကိုဗစ်နှင့် စည်းမျဉ်း အားနည်းခြင်းကြောင့် ဟောင်ကောင်စတော့ကုန်စည်ဒိုင် အမြတ်များ ကျဆင်း

တရုတ်အစိုးရ၏ စည်းမျဉ်းများ တင်းကျပ်မှုကြောင့် ကုမ္ပဏီများ စာရင်းအသစ်ဝင်ရန် ခက်ခဲခြင်းအပြင် ဟောင်ကောင်တွင် အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုနှင့်အတူ ရုန်းကန်နေရသောကြောင့် ဟောင်ကောင် စတော့ကုန်စည်ဒိုင် ၃လပတ်အမြတ်ငွေသည် ၆ နှစ်တာကာလအတွင်း အနည်းဆုံးသို့ ကျဆင်းသွားကြောင်း ဧပြီ ၂၇ ရက်တွင် အစီရင်ခံစာ ထွက်ပေါ်ခဲ့သည်။

မတ်လကုန် ၃ လပတ်အတွက် အသားတင်အမြတ်ငွေ ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၆၇ ဘီလီယံ ဖြစ်ကြောင်း နှစ်အလိုက်နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၃လပတ်ဝင်ငွေ ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၆၉ ဘီလီယံဖြင့် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု Hong Kong Exchanges and Clearing (HKEX) က ကြေညာခဲ့သည်။

ဟောင်ကောင် စတော့ကုန်စည်ဒိုင်သည် ၃လပတ်အမြတ်ငွေ တစ်နှစ်ဆက်တိုက် ကျဆင်းခဲ့သည်။ ''ကနဦးအများပြည်သူဆိုင်ရာ ဈေးနှုန်းကမ်းလှမ်းမှု(IPO) ဈေးကွက်မှာ အားနည်းမှုကို ဖြစ်ပေါ်စေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် ယူဆချက်ကို ကာကွယ်နိုင်စွမ်းမရှိခဲ့ဘဲ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအစုစုမှာ တန်ဖိုးကျဆင်းမှုနဲ့ ကုန်စည် ဈေးကွက်မှာ ဈေးနှုန်းမငြိမ်မသက်ဖြစ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်'' ဟု HKEX အမှုဆောင်အရာရှိချုပ် နီကိုလတ် အဂူဇင်က ပြောကြားခဲ့သည်။

ဟောင်ကောင် စတော့ကုန်စည်ဒိုင်သည် ပထမ ၃လပတ်တွင် ကနဦးအများပြည်သူဆိုင်ရာ ဈေးနှုန်း ကမ်းလှမ်းမှုများတွင် ဟောင်ကောင်ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံ ရရှိခဲ့သော်လည်း ၂၀၂၁ခုနှစ် အလားတူ ကာလထက် ၈၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ 

အမေရိကန်နှင့် တရုတ်အကြားကုန်သွယ်ရေးတင်းမာမှု တစ်စိတ်တစ်ပိုင်းကြောင့် တရုတ်ကုမ္ပဏီများ သည် နိုင်ငံနှင့် ပိုမိုနီးကပ်သည့်နေရာတွင် စတော့ရှယ်ယာစာရင်းဝင်ကြသောကြောင့် မကြာသေးမီနှစ်များ အတွင်း ဟောင်ကောင်သည် IPO ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

သို့သော် ဂိမ်း၊ ပညာရေး၊ အိမ်ခြံမြေနှင့် နည်းပညာကုမ္ပကြီးများ ကဲ့သို့သော လုပ်ငန်းများတွင် တရုတ်စည်းကမ်း ထိန်းသိမ်းရေး အာဏာပိုင်များ၏ စိစစ်မှု တိုးလာခြင်းသည် IPO များအတွက် စိတ်အားထက်သန်မှုကို သိသိသာသာ ရပ်တန့်သွားစေခဲ့သည်။

မတ်လတွင် တရုတ်လုပ်ငန်းစု သလျန်ဝန်ဒါအုပ်စုသည် ဈေးကွက်မတည်ငြိမ်မှုကြောင့် ဈေးဝယ်ကုန်တိုက် လုပ်ငန်းပိုင်းကို ဟောင်ကောင်တွင် စာရင်းသွင်းမည့်ကိစ္စကို ရွှေ့ဆိုင်းခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly