တရုတ်၏ ပိတ်ဆို့မှုများရှိနေချိန်တွင် ကုမ္ပဏီများကိုထောက်ပံ့မည့် လစ်သူယေးနီးယားအစိုးရ၏ အစီအစဉ်ကို အီးယူ ထောက်ခံ

တရုတ်၏ ပိတ်ဆို့မှုများရှိနေချိန်တွင် ကုမ္ပဏီများကိုထောက်ပံ့မည့် လစ်သူယေးနီးယားအစိုးရ၏ အစီအစဉ်ကို အီးယူ ထောက်ခံ

ဥရောပကော်မရှင်က တရုတ်၏ ကုန်သွယ်ရေးကန့်သတ်ပိတ်ဆို့မှုဒဏ်ကို ခံနေရသော ကုမ္ပဏီများ၏ ဘဏ္ဍာရေးအတွက် ထောက်ပံ့ရန်နှင့် လုပ်ငန်းလွယ်ကူချောမွေ့စေရန် ယူရိုသန်း ၁၃၀ လစ်သူယေးနီးယား ကူညီရေးအစီအစဉ်ကို ဥရောပသမဂ္ဂ နိုင်ငံများ၏ ကူညီထောက်ပံ့ရေးစည်းမျဉ်းများရ သဘောတူခွင့်ပြုလိုက် သည်။ 

လစ်သူယေးနီးယားသည် ယမန်နှစ်က ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို ဖွင့်ခွင့်ပြုလိုက်သဖြင့် တရုတ်အစိုးရက လစ်သူယေးနီးယားအပေါ် ကုန်သွယ်မှုကန့်သတ်ချက်များ ချမှတ်လာပြီးနောက် ယခုအစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်လိုက်ခြင်းသည် တရုတ် တစ်ပြည်ထောင်မူဝါဒကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ယူဆထားသည်။

လစ်သူယေးနီးယားအပေါ် တရုတ်၏ ခွဲခြားဆက်ဆံသော ကုန်သွယ်ရေးကန့်သတ်ချက်များကြောင့်  ခက်ခဲသည့်အခြေအနေများကြုံတွေ့နေရသည့် ကုမ္ပဏီများသည် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ လည်ပတ်မည့်အစီအစဉ်အရသော်လည်းကောင်း၊ တရုတ်က ချမှတ်ထားသော စည်းမျဉ်းများ ဖြေလျော့သွား ချိန်အထိသော်လည်းကောင်း ယူရို ၅ သန်းအထိ ချေးငွေ ရရှိနိုင်မည်ဖြစ်သည်။

ထိုအစီအစဉ်သည် ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနှင့်သစ်တောလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများနှင့် ငါးပုဇွန်မွေးမြူရေး လုပ်ငန်းများမှလွဲ၍ ကဏ္ဍအားလုံးမှ ကုမ္ပဏီများကို လမ်းဖွင့်ပေးထားကြောင်း ဥရောပကော်မရှင်၏ ဧပြီ ၂၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းကဲ့သို့ ထောက်ပံ့မှုကြောင့် အကန့်အသတ်ခံထားရသော ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွားရေး ဆောင်ရွက်ချက်များကို ဈေးကွက်အခြေအနေသစ်နှင့် လိုက်လျောညီထွေစေမည်ဖြစ်ကာ စီးပွားရေး မဟာဗျူဟာများကိုလည်း ပြန်လည်ချိန်ညှိပြီး ပုဂ္ဂလိကဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ စျေးကွက်အတွင်း ငွေကြေး တဖြည်းဖြည်းရရှိနိုင်စေရေးအတွက် ၎င်းတို့၏ငွေဖြစ်လွယ်မှုကို တိုးတက်စေမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာမှစ၍ တရုတ်သည် အီးယူနှင့် လစ်သူယေးနီးယားအာဏာပိုင်များကို အသိပေးခြင်းမရှိဘဲ လစ်သူယေးနီးယား၏ သွင်းကုန်နှင့်ပို့ကုန်များကို အပြင်းအထန်ကန့်သတ်ပိတ်ဆို့ခြင်းများ စတင်ပြုလုပ် လာသည်။ ဥရောပကော်မရှင်က အဆိုပါကိစ္စကို တရုတ်အာဏာပိုင်များထံ အကြိမ်ကြိမ်တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required