တရုတ်နိုင်ငံ စားနပ်ရိက္ခာအကျပ်အတည်းက မော်စီတုံးခေတ်အငတ်ဘေးကို ပြန်အမှတ်ရမိစေ

By ANI
29 April 2022
တရုတ်နိုင်ငံ စားနပ်ရိက္ခာအကျပ်အတည်းက မော်စီတုံးခေတ်အငတ်ဘေးကို ပြန်အမှတ်ရမိစေ

တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်နိုင်ငံသည် မော်စီတုံး၏ အစွန်းရောက်ကွန်မြူနစ်ဝါဒ နေ့ရက်များဆီသို့ ပြန်ရောက်သွားကာ ထိုခေတ်၏ အငတ်ဘေးအမှတ်တရများကို ပြန်ပြောင်းသတိရစေခဲ့သည်။

ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံကို ကမ္ဘာတွင် အင်အားအကြီးဆုံးနိုင်ငံဖြစ်အောင်လုပ်သော်လည်း မော်စီတုံးခေတ်က ပြုလုပ်ခဲ့သော အလားတူအမှားမျိုးကို ထပ်တလဲလဲ လုပ်ဆောင်နေသည်ဟု ဆောင်းပါးရှင် ဖက်ဒရီကို ဂွီလီယာနီက InsideOver တွင် ရေးသားထားသည်။

မော်စီတုံးခေတ်တွင် အငတ်ဘေးဆိုက်ရခြင်း၏အကြောင်းရင်းမှာ စက်မှုခေတ်ပြောင်းရာတွင် ဗြိတိန်ကို အမီလိုက်ရန် အားနည်းချက်ရှိသော နည်းလမ်းများဖြင့် စီမံလျက် ယုတ္တိမတန်သော ကြိုးပမ်းအားထုတ်မှု ကြောင့်ဖြစ်သည်။

လူသိများထင်ရှားသည့် တရုတ်လေ့လာစောင့်ကြည့်သူများအမြင်အရ ရှီကျင့်ဖျင်သည် ယခင် ခေါင်းဆောင်များဖြစ်သော တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်းနှင့်ဟူကျင်တောင်တို့ ကျင့်သုံးခဲ့သည့် တရုတ်ကိုသာယာဝပြောစေခဲ့သည့် စီးပွားရေးမူဝါဒများကို ကပြောင်းကပြန်ဖြစ်စေခဲ့သည်ဟု ၎င်းက ဆိုသည်။

၂၁ ရာစုခေတ် မော်စီတုံး၏ခြေရာများကို လိုက်နင်းသော ရှီကျင့်ဖျင်၏ ကြိုးပမ်းအားထုတ်မှုများသည် အလုပ်မဖြစ်ပေ။

တရုတ်နိုင်ငံ၏ စားသောက်ကုန်တင်သွင်းမှုသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံမှ ၁၀၄ ဒသမ ၇ ဘီလီယံအထိ မြင့်တက်လာခဲ့သလို စားနပ်ရိက္ခာ တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၆ ဘီလီယံအထိ တိုးမြင့်ခဲ့သည်။

“၁၉၅၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စိုက်ပျိုးနိုင်တဲ့မြေ အနည်းဆုံး ၂၀ ရာခိုင်နှုန်းက စက်မှုလုပ်ငန်းတွေအတွက် သုံးလိုက်ပါတယ်။ အမေရိကန်မှာ စိုက်ပျိုးနိုင်တဲ့မြေ ၂၀ ရာခိုင်နှုန်း ရှိချိန်မှာ တရုတ်နိုင်ငံမှာ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်” ဟု InsideOver ၌ ဖော်ပြထားသည်။

တရုတ်တွင် စားနပ်ရိက္ခာရှားပါးလာမှုသည် အလွန်ဆိုးရွားလာသောကြောင့် တရုတ်သမ္မတရှီကျင့်ဖျင်က စားသောက်ဆိုင်တွင် ထိုင်စားသူများအနေဖြင့် မှာထားသမျှ အကုန်စားရမည့် “Operation Clean Plate" စီမံချက်ကို ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့သည်။

တရုတ်သည် နိုင်ငံသို့ ပြန်ပို့မည့် အစားအသောက်များထုတ်လုပ်ရန် လက်တင်အမေရိကနိုင်ငံများရှိ မြေယာများကို ရယူရန်ကြိုးစားနေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required