ပါကစ္စတန်တွင် အဆိုးဆုံးသော ဒီဇယ်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်

By Zee5
27 April 2022
ပါကစ္စတန်တွင် အဆိုးဆုံးသော ဒီဇယ်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်

ပါကစ္စတန်နိုင်ငံတွင် ကြွေးမြီ ဖိစီးနေသော နိုင်ငံစီးပွားရေးနှင့်ပတ်သက်ပြီး မသေချာမရေရာမှုများ ရှိနေစဉ် ရှေ့လထဲတွင် အဆိုးဆုံးသော ဒီဇယ်ဆီ ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ကို ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

ယင်းနိုင်ငံတွင် သိုလှောင်ထားသည့် လက်ကျန် ဒီဇယ်ဆီများသည် မြန်ဆန်စွာ လျော့နည်းလာနေပြီး ၁၈ ရက် စာ ဖြည့်ဆည်းထောက်ပံ့နိုင်မည့် ပမာဏသာ ရှိနေတော့ချိန် ယခုကဲ့သို့ သတိပေးမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး The Express Tribune က ဖော်ပြသည်။

ထို့ပြင် ယခုနှစ် ဧပြီလ တစ်လတည်းမှာပင် ရူပီး ၆၀ ဘီလီယံ ဝန်းကျင်အထိ စုပုံလာခဲ့သည့် PDC (ရေနံကုမ္ပဏီများထံ အစိုးရက ပေးသည့် တိုက်ရိုက် ထောက်ပံ့ငွေ) ပမာဏများပြားနေမှုကို ရှောင်ရှားနိုင်ရန်အလို့ငှာ လောင်စာဆီဈေးနှုန်းများကို မြှင့်တင်ရန် ဝန်ကြီးချုပ် ရှာဘတ်ဇ်ကို ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းထားကြောင်း The Express Tribune ၏ ဖော်ပြချက်အရ သိရသည်။

အကယ်၍ လောင်စာဆီဈေးနှုန်းများကို တိုးမြှင့်ခဲ့မည်ဆိုပါက ဆန္ဒပြမှုများ ရှိလိမ့်မည် မဟုတ်ဟု ဝန်ကြီးချုပ်ကို အသိပေးတင်ပြထားကြောင်း သိရသည်။

သို့သော် နိုင်ငံရှိ ရေနံလုပ်ငန်း၏ အားနည်းသည့် ဘဏ္ဍာရေး အခြေအနေကြောင့် အကယ်၍ ဈေးကွက်ထဲတွင် ဒီဇယ် မရရှိတော့ပါက ဆန္ဒပြမှုများ စတင်ပေါ်ပေါက်လိမ့်မည်ဖြစ်သည်။ ထို့ပြင် ရေနံလုပ်ငန်း၏ စိုးရိမ်ဖွယ် အခြေအနေများ ရှိနေသော်လည်း လောင်စာဆီဈေးနှုန်းများကို တိုးမြှင့်ရန် ဝန်ကြီးချုပ် ရှာဘတ်ဇ်က ငြင်းဆန်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly