မော်စကို ခရီးစဉ်အပြီး ကုလသမဂ္ဂ အကြီးအကဲက ယူကရိန်းတွင် ဇယ်လန်စကီးနှင့် တွေ့ဆုံမည် 

မော်စကို ခရီးစဉ်အပြီး ကုလသမဂ္ဂ အကြီးအကဲက ယူကရိန်းတွင် ဇယ်လန်စကီးနှင့် တွေ့ဆုံမည် 
Photo - AFP

ဧပြီ ၂၃

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်သည် စစ်ပွဲအရေး သမ္မတ ဗလာဒီမာ ပူတင်နှင့် တိုင်ပင်ဆွေးနွေးမည့် မော်စကိုခရီးစဉ်အပြီးတွင် လာမည့် သီတင်းပတ်၌ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ယူကရိန်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။  

မော်စကို ခရီးစဉ်အပြီး နှစ်ရက်မြောက် ကြာသပတေးနေ့တွင် ဂူတာရပ်စ်သည် ဇယ်လန်စကီးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းကို ကုလသမဂ္ဂက ထုတ်ပြန်ချက်တွင် ဆိုသည်။ 

အင်္ဂါနေ့၌ ပူတင်သည် ဂူတာရပ်စ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှက သောကြာနေ့တွင် အတည်ပြုသည်။ 

ယူကရိန်းအား ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှကျူးကျော်ချိန်မှစကာ ပဋိပက္ခနှင့် ပတ်သက်ပြီး အများအားဖြင့် ဘေးဖယ်ခံထားရသည့် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ် ပြန်လည်အသက်ဝင်ရေးအတွက် ကြိုးပမ်းရန် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများကို ယခုသီတင်းပတ်အတွင်း ဂူတာရပ်စ်က စာရေးသား မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ 

စစ်ပွဲသည် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်နှင့် ရုရှ အမြဲတမ်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ 

ကျူးကျော်မှုကို ရှုတ်ချရန် တရုတ်က ငြင်းဆန်ထားပြီး ရုရှကို အနောက်အုပ်စုက အားနည်းအောင် လုပ်ဆောင်နေသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ 

အင်္ဂါနေ့က ပေးပို့သည့်စာနှင့်အတူ ဂူတာရပ်စ်သည် စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများ ဖြစ်ထွန်းရေးကိုလည်း ကြိုးပမ်းခဲ့သည်။ 

“ကြီးမားတဲ့ ဘေးအန္တရာယ်တွေနဲ့ အကျိုးဆက်တွေ ရှိနေတဲ့ အချိန်မှာ ယူကရိန်းမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ရေး သူ့အနေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ စတက်ဖင်း ဒူဂျာရစ်က ယခုသီတင်းပတ်တွင် ပြောသည်။ 

ဂူတာရပ်စ်သည် စစ်ပွဲစဖြစ်ချိန်မှစပြီး ဇယ်လန်စကီးနှင့် မတ် ၂၆ ရက်တွင် တယ်လီဖုန်းတစ်ကြိမ်သာ ပြောထားပြီး ထိတွေ့ဆက်ဆံမှု အနည်းငယ်သာ ရှိသည်။ 

ကျူးကျော်မှုက ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်သည်ဟု ဂူတာရပ်စ်က ပြောလိုက်ချိန်မှစကာ ပူတင်သည် ၎င်းနှင့် ဖုန်းပြောဆိုခြင်း မရှိသကဲ့သို့ ထိတွေ့ဆက်ဆံမှုလည်း မရှိထားတော့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required