ယူကရိန်းတွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၆၀ ဘီလီယံနီးပါး ရှိဟု ကမ္ဘာ့ဘဏ် ပြော 

ယူကရိန်းတွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၆၀ ဘီလီယံနီးပါး ရှိဟု ကမ္ဘာ့ဘဏ် ပြော 

ဧပြီ ၂၂

ရုရှ၏ ကျူးကျော်စစ်ကြောင့် ယူကရိန်းတွင် တိုက်တာအဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ၏ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံအထိ ရှိနေပြီး စစ်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နောက်ထပ် ပျက်စီးဆုံးရှုံးမှုများ ရှိလာဦးမည်ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေးဗစ် မဲလ်ပတ်စ်က ကြာသပတေးနေ့တွင် ပြောသည်။ 

အစောပိုင်းက ခန့်မှန်းချက်၌ ယူကရိန်းစစ်ပွဲကြောင့် ကြီးထွားလာသော စီးပွားရေး ဆုံးရှုံးမှု မပါဝင်၍ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက် နည်းပါးခဲ့ကြောင်း ယူကရိန်းအတွက် ဘဏ္ဍာရေးအကူအညီ လိုအပ်ချက်နှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ညှိနှိုင်းဆွေးနွေးပွဲ၌ မဲလ်ပတ်စ်က ပြောခြင်း ဖြစ်သည်။ 

“အမှန်ပါပဲ စစ်ပွဲက ဆက်လက်ဖြစ်ပွားနေတယ်၊ ဒါကြောင့် ဆုံးရှုံးမှုက ဆက်လက်မြင့်တက်နေတယ်”ဟု မဲလ်ပတ်စ်က ဆိုသည်။ 

အဆိုပါ ဆွေးနွေးပွဲသို့ အွန်လိုင်းမှ မိန့်ခွန်းပြောရာ၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် ဘဏ္ဍာရေး အကူအညီ လိုအပ်ချက်တို့ကို အကျဉ်းချုပ် ပြောဆိုခဲ့သည်။ နိုင်ငံတွင် ရုရှကျူးကျော်မှုကြောင့် ဖြစ်ရသော စီးပွားရေး ဆုံးရှုံးမှုများကို ဖာထေးရန်အတွက် ယူကရိန်းအနေဖြင့် တစ်လလျှင် ဒေါ်လာ ခုနစ်ဘီလီယံ လိုအပ်မည်ဟု ပါဝင်သူများအား ၎င်းက ပြောသည်။ 

“စီးပွားရေး ဆုံးရှုံးမှုအားလုံးကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ လိုအပ်ပါလိမ့်မယ်”ဟု ဇယ်လန်စကီက ဆိုသည်။ 

ကမ္ဘာအသိုင်းအဝိုင်းအနေဖြင့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် အခြားသော အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေးအသင်းအဖွဲ့များမှ ရုရှအား ချက်ချင်းဖယ်ထုတ်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။ ရုရှနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရန် နိုင်ငံအားလုံး ချက်ချင်းပြင်ဆင်ရမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

IMF နှင့် ကမ္ဘာ့ဘဏ်၏ ‌နွေရာသီအစည်းအဝေးများ ဘေးပန်းက ယခု ညှိနှိုင်းဆွေးနွေးပွဲတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျနက် ယဲလန့်အပါအဝင် နိုင်ငံတော်တော်များများမှ ဘဏ္ဍာရေးတာဝန်ရှိသူများ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ယူကရိန်းအား စစ်ရေးအကူအညီ မဟုတ်သည့် တိုက်ရိုက်အကူအညီကို နှစ်ဆတိုးကာ ဒေါ်လာ တစ်ဘီလီယံ ကူညီပေးသွားမည်ဟု ဂျနက် ယဲလန့်က ပြောခဲ့သည်။ 

ရုရှအား ဒဏ်ခတ်ပိတ်ဆို့ထားပြီး ရုရှ၏ ပိုင်ဆိုင်မှုအာမခံ assets များကို ထိန်းချုပ်ထားသည့် နိုင်ငံများအနေဖြင့် စစ်ပွဲအပြီး၌ ယူကရိန်း ပြန်လည်တည်ဆောက်ရေးတွင် ကူညီရန် ယင်း ငွေကြေးများအား အသုံးပြုသွားရေးကိုလည်း ဇယ်လန်စကီးက တိုက်တွန်းပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required