မာရီယူပိုမြို့က ခုခံတွန်းလှန်နေဆဲဟု ယူကရိန်းသမ္မတ ပြော 

မာရီယူပိုမြို့က ခုခံတွန်းလှန်နေဆဲဟု ယူကရိန်းသမ္မတ ပြော 
Photo - AFP

ဧပြီ ၂၂

စစ်ပွဲဒဏ်သင့် မာရီယူပိုမြို့ကို သိမ်းပိုက်နိုင်ပြီဟု ရုရှက အတည်ပြုဆိုသော်လည်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက မြို့သည် ရုရှ၏ တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေဆဲပဲ ဖြစ်သည်ဟု သောကြာနေ့တွင် ပြောသည်။ ရုရှ၏ အရှေ့ပိုင်းအား ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရန် အမေရိကန်က နောက်ထပ်အကူအညီ ပေးမှုကို ကြိုဆိုရာ၌ ဇယ်လန်စကီးက ပြောခြင်းဖြစ်သည်။ 

မြို့တွင် အရပ်သားထောင်ပေါင်းများစွာ ခိုလှုံနေလိမ့်မည်ဟု ယူဆရသော Azovstal စက်ရုံတွင် ယူကရိန်းစစ်သား ထောင်နှင့်ချီ ကျန်ရှိနေချိန်တွင် မြို့အား လွတ်မြောက်စေခဲ့ပြီဟု ရုရှက ပြောခြင်း ဖြစ်သည်။ 

သို့ရာတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားဆဲပဲဟု ဇယ်လန်စကီးက ဆိုသည်။ 

“ကျွန်တော်တို့နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ကျူးကျော်သူတွေဟာ အောင်ပွဲခံနိုင်ပြီဆိုပြီး ပြောဆိုနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာပဲ ဖြစ်တယ်”ဟု ၎င်းက ဗီဒီယိုမိန့်ခွန်းတွင် ပြောသည်။ 

“သူတို့အနေနဲ့ အောင်ပွဲခံဖို့ မဖြစ်နိုင်သေးပါ၊ မာရီယူပိုမြို့ဟာ ရုရှကို ဆက်လက်ခုခံနေဆဲ ဖြစ်တယ်၊ ကျူးကျော်သူတွေ ဘယ်လိုပဲ ပြောပြော မြို့ဟာ ဆက်လက်ခုခံနေတယ်”ဟု ဇယ်လန်စကီးက ပြောသည်။ 

ရုရှနိုင်ငံသည် ကျူးကျော်သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသနှင့် ရုရှလိုလားသော ခွဲထွက်ရေးသမားများ၏ ဒွန်ဘတ်စ်ဒေသတို့ကို ချိတ်ဆက်နိုင်ရေးအတွက် တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုကို မရပ်မနား ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိနေသည်။ 

အရပ်သားများနှင့် ဒဏ်ရာရ တိုက်ခိုက်ရေးသမားများကို Azovstal သံမဏိစက်ရုံမှ ရွှေ့ပြောင်းနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားရေး စင်္ကြံအား ချက်ချင်းဖွင့်ပေးရန် ယူကရိန်းတာဝန်ရှိသူများက မေတ္တာရပ်ခံထားသည်။ 

“သူတို့မှာ အစားအစာ၊ ရေနဲ့ မရှိမဖြစ် ဆေးဝါးတွေ မရှိသလောက် ပြတ်လပ်နေပြီ”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ 

ရုရှထိန်းချုပ်ထားသော နယ်မြေများကို ဖြတ်သန်းပြီး မာရီယူပိုမြို့မှ ထွက်ခွာလာပြီးနောက် ရွှေ့ပြောင်းသူများကို တင်ဆောင်လာသော ကျောင်းကားသုံးစင်းသည် ဇာပိုရစ်ဇာယာမြို့သို့ ကြာသပတေးနေ့တွင် ရောက်ရှိသည်။ 

“ကျွန်မ ဗုံးသံတွေ မကြားချင်တော့ဘူး”ဟု အသက် ခြောက်နှစ်အရွယ် သားငယ်ဖြစ်သူနှင့်အတူ ယင်းမြို့သို့ ရောက်ရှိလာသူ အသက် ၃၄ နှစ်ရှိ ဒေါရတ်စ်က ပြောသည်။ 

အရပ်သားများကို ပိုမိုကယ်ထုတ်နိုင်ရေးအတွက် ယူကရိန်းတာဝန်ရှိသူများက မျှော်လင့်ထားသော်လည်း အရပ်သားများ ထွက်ပြေးရာ လမ်းကြောင်းကို ရုရှတပ်များက ပစ်မှတ်ထားတိုက်ခိုက်သည်ဟုလည်း စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required