ပါကစ္စတန်အစိုးရသစ် ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေးပညာရှင်များ သတိပေး

19 April 2022
ပါကစ္စတန်အစိုးရသစ် ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေးပညာရှင်များ သတိပေး

ပါကစ္စတန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုက အသစ်တက်လာသည့် အစိုးရအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မည်ဟု စီးပွားရေးပညာရှင်များက သတိပေးထားပြီး ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း အစိုးရလက်ထက် ကြေညာခဲ့သည့် ကယ်ဆယ်ရေး အစီအမံများကို ပြန်ရုပ်သိမ်းရလိမ့်မည် ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

အစိုးရသစ်အနေဖြင့် နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုကို ဆန့်ကျင်ပြီး ခရီးရှည် ချီတက်မှုကို ပြုလုပ်ပြီးနောက် အာဏာရလာခဲ့သည့်အတွက် တင်းကျပ်သော အစီအမံများ ချမှတ်ရန် ခက်ခဲလိမ့်မည်ဟု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ အင်စတီကျူ့ (SDPI) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အဘစ် ကိုင်ယမ် ဆူလာရီက ပြောသည်။

နိုင်ငံ၏ စာရင်းရှင် လိုငွေပြမှု သိသိသာသာ မြင့်တက်လာခြင်းသည် နိုင်ငံ သမိုင်းတွင် အမြင့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံအထိ ရောက်ရှိသွားကောင်းသွားနိုင်သည့်အတွက် နိုင်ငံ စီးပွားရေးသည်
မရေမရာလှသည့် အခြေအနေတစ်ခုတွင် ရှိနေသည်ဟု ကရာချိမြို့ရှိ ဟာဘစ် တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ ဒေါက်တာ အက်ဒက်စ် အက်ဖ်ဇယ်လ်က ပြောကြောင်း The News International က ဖော်ပြသည်။

စီးပွားရေးအတွက် ငွေစာရင်း လိုငွေပြမှုက အဓိက စိန်ခေါ်မှု ဖြစ်လိမ့်မည်ဟု ၎င်းက ထောက်ပြသည်။ ထို့ပြင် အစိုးရသစ်အနေဖြင့် ပြုပြင်၊ တည့်မတ်ပေးသော အစီအမံများ ချမှတ်နိုင်မည့် ငွေရေးကြေးရေးဆိုင်ရာ အခြေအနေ ရရှိရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို စည်းရုံးရလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံ၏ အရန်နိုင်ငံခြားသုံးငွေ လျော့နည်းနေမှုကို ထည့်သွင်းစဉ်းစားလျက်ဖြင့် အစိုးရအနေဖြင့် ပြင်ပကဏ္ဍနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ရလိမ့်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေး ဟောင်း ဒေါက်တာ ခါကန် နာဂျစ်ဘ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly