သူရဦးရွှေမန်း၏ လွှတ်တော်နောက်ဆုံးရက် သတင်းစာရှင်းလင်းပွဲ အမေးအဖြေအချို့

သူရဦးရွှေမန်း၏ လွှတ်တော်နောက်ဆုံးရက် သတင်းစာရှင်းလင်းပွဲ အမေးအဖြေအချို့

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေတွေ့ဆုံနိုင်ရန် သူရဦးရွှေမန်း စီစဉ်ပေးခဲ့ 

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ။            ။ ဇန်နဝါရီ ၂၉ရက်ဟာ လက်ရှိအစိုးရလက်ထက်အတွက် ကျင်းပခဲ့တဲ့ ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ နောက်ဆုံးရက် ဖြစ်ပါတယ်။ အဲ့ဒီ့နေ့ လွှတ်တော်အစည်းအဝေးတွေ အပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှု၊ သူရဦးရွှေမန်း ပြန်လည်ဖြေကြားမှု အချို့ကို မဇ္ဈိမက ကောက်နုတ်တင်ပြလိုက်သည်။

RFA သတင်းဌာန
(မေး) နိုင်ငံတော်အေးချမ်းသာယာရေးနဲ ့ဖွံ့ဖြိုးရေးကောင်စိလက်ထက်မှာ နာယကကြီးက တပ်မတောာ်မှာလည်း အဆင့် (၃) တာဝန်ယူထားသလို ဒီဘက်မှာ ဒီမိုကရေစီအချိန်းအကူးမှာပေါ့ ဥပဒေပြုမဏ္ဍိုင်မှာ အကြီးဆုံးအနေနဲ့လည်း တာဝန်ယူထားတယ်ဆိုတော့ တပ်မတော်ဘက်ကနေ နိုင်ငံရေးလောကကို ပြောင်းတဲ့အချိန်မှာ အခက်ခဲဆုံး ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုကို သိချင်ပါတယ်။ နောက်တစ်ခုက မြန်မာ့နိုင်ငံရေးအနာဂတ်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ဘယ်ဖြစ်သင့်လဲ။ ဘယ်အခန်းကဏ္ဍလောက်ထိဆက်ပြီး ပါဝင်သင့်လဲဆိုတာ နာယကကြီးရဲ ့တစ်ဦးတည်းအမြင်ကို သိချင်ပါတယ်။

(ဖြေ) ဒို့အတွက် အခက်ခဲစိန်ခေါ်မှုကတော့ စစ်သားဗိုလ်ချုပ်ကြီးဖြစ်တယ်။ နိုင်ငံရေးလောကထဲကို ဝင်လာတဲ့အခါမှာ တကယ့် နိုင်ငံရေးသမားမှ ဟုတ်ရဲ့လား။ ပြောမယ်ဆိုရင် အထက်ကနေပြီး အုပ်ချုပ်တဲ့ အမိန့်ပေးအုပ်ချုပ်တဲ့ပုံစံထဲမှာ ပုံစံမှာ အသားကျနေတဲ့ လူတစ်ယောက်လို့ မြင်တဲ့ စိန်ခေါ်မှုက အခက်ခဲဆုံးပဲဖြစ်ပါတယ်။ အဲ့ဒီစိန်ခေါ်မှုက ဒီနေ့အထိလည်း တစ်ချို့နဲ့ အများပြည်သူက ဒီလိုပဲ မယုံသင်္ကာ မြင်တဲ့အမြင်ဟာ အခက်အခဲအကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။ နောက်မေးခွန်းတစ်ခုက တပ်မတော်အနေနဲ့ အနာဂတ်မှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်မလဲ တစ်ဖက်မှာက နိုင်ငံရေးကဏ္ဍ တစ်ဖက်မှာ အဓိက တာဝန်က နိုင်ငံတော် ကာကွယ်ရေးတာဝန် ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်တဲ့နယ်မြေကို အဓိကထား ကာကွယ်စောင့်ရှောက်ရမယ့်အဖွဲ ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တကယ်တမ်းကျတော့ တပ်မတော်က အဓိကတာဝန်က နိုင်ငံတော် ကာကွယ်ရေးတာဝန်ပဲဖြစ်ပါတယ်။ နောင်အနာဂတ်တပ်မတော်ကနိုင်ငံရေးမှာ ဘယ်လိုပါဦးမလဲဆိုရင်တော့ ဒီနေ့ ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ အခွင့်အရေးတိုင်းတော့ ဆက်ပြီး ပါနေဦးမယ်လို့သုံးသပ်ပါတယ်။

သို့ရာတွင်တပ်မတော်အနေနဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန် လုံးဝဥဿုန် ဒါပဲဆောင်ရွက်တာဝန်ယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိတဲ့အချိန်ကျရင်တော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ကင်းရှင်းသွားမှာပေါ့လေ။ ဒါကြောင့်မို့လို့တပ်မတော်အနေနဲ့ နိုင်ငံရေးကင်းရှင်းမယ့်အချိန်အတွက် ဆိုရင်လည်း နိုင်ငံသားတွေအားလုံး ဒါ မျှော်လင့်ကြမှာပဲ အဲ့ဒီမျှော်လင့်ချက်ဖြစ်အောင်လည်း နိုင်ငံသားများဘက်ကလည်း တပ်မတော်ကို ဒီနေ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောပြောနေတဲ့ဒီ Standard Army ပေါ့။ လုပ်တဲ့နေရာမှာ ပြည်သူပြည်သားများကလည်း အားလုံးဝိုင်းပါဖို့လိုမယ် ဒီလိုထင်ပါတယ်။

BBC သတင်းဌာန
(မေး) နာယကကြီးကိုမေးချင်တာက ရွေးကောက်ပွဲမတိုင်ခင်တုန်းက နာယကကြီးက သမ္မတလုပ်ချင်တယ်လို့ပြောခဲ့တယ်ပေါ့။ ဒီသန်းခေါင်ယံ ဇတ်လမ်းမတိုင်ခင်အထိ နာယကကြီးကို သမ္မတဖြစ်နိုင်တယ်ဆိုပြီး အများစုကအထင်မြင်ပေးခဲ့တယ်ပေါ့။ ဒီနောက်ပိုင်းမှာ ကျတော့ ထင်ကြေးပေးတဲ့သူတွေက တော်တော်လျော့လာပြီပေါ့ ဒီနေရာမှာ အဓိက ကျွန်တော်မေးချင်တာက ဒီလို ကြံခိုင်ရေးပါတီကို ဘာဖြစ်လို့မစည်းရုံးနိုင်ခဲ့တာလဲပေါ့။ ဥက္ကဋ္ဌ ရာထူးကဖယ်ရှားခံရတာဟာ ဘယ်နေရာမှာ မစည်းရုံးနိုင်ခဲ့လို့ ဖယ်ရှားခ့ရတာဆိုတာ သိချင်ပါတယ်ခင်ဗျ။

(ဖြေ) အဲ့ဒီတော့ ကြံခိုင်ရေးပါတီနဲ့ ကြံခိုင်ရေးပါတီမှာ ခေါင်းဆောင်များအပိုင်း ခွဲခြားမြင်ဖို့လိုပါတယ်။ အခုလိုကြံခိုင်ရေးပါတီကို မစည်းရုံးနိုင်ဘူးဆိုတဲ့ဟာက ဘယ်အကြောင်းအရာတွေပေါ်မှာ သုံးသပ်ရမလဲဆိုတာလဲရှိပါတယ်။ ဒါကြောင့်မို့လို့ကြံခိုင်ရေးပါတီက ဥက္ကဋ္ဌကြီးအပေါ် ဘယ်လို သဘောထားလဲဆိုတာကတာ့ ကြံခိုင်ရေးပါတီဝင်များရဲ ့စိတ်ထဲမှာပဲရှိနိုင်ပါတယ်။ မစည်းရုံးနိုင်ဘူးဆိုတာက အခုလို အပေါ်ယံကြည့်လို့တော့မရနိုင်ဘူး ထင်ပါတယ် ဒါကြောင့်မို့လို့ကြံခိုင်ရေးပါတီက ကိုယ့်အပေါ် ဥက္ကဌ အပေါ်ဘယ်လိုသဘောထားရှိတယ် ဘယ်လိုအမြင်ရှိတယ် ဆိုတာကိုတခြားနည်းနဲ ့သို့မဟုတ်တိုက်ရိုက်နည်းနဲ ့မေးမြန်းပိုကောင်းမယ်လို့ထင်ပါတယ်။

DVB သတင်းဌာန
(မေး) နောက်ဖြစ်လာမယ့် NLD အစိုးရအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အပါအဝင်ပေါ့နော် တစ်ချို့တွေ့သင့်တွေ့ထိုက်တဲ့ သူတွေနဲ့ တွေ့ဖို့အတွက်ကို နာယကကြီးက စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ဘယ်သူတွေနဲ့တွေ့ဖို့စီစဉ်ပေးခဲ့ပါလဲ။ ဘာကြောင့်အခုလို စီစဉ်ရတယ်ဆိုတာကို သိချင်ပါတယ်ခင်ဗျ။နောက်တစ်ခုက နာယကကြီးရဲ့ နိုင်ငံရေးအနာဂတ်မှာ ဘယ်လိုစဉ်းစားထားလဲပေါ့။ ကြံခိုင်ရေးပါတီကနေပဲလုပ်မလား။ NLD နဲ့ပဲ ပူးပေါင်းဆောင်ရွက်မလားဆိုတာကို သိချင်ပါတယ် ခင်ဗျ။

(ဖြေ) ဟုတ်ပါတယ်။ အဓိကကတော့ ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေ နဲ ့တွေ့ဆုံဖို့အဓိကနေရာက စီစဉ်ကြိုးစားပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံအတွက်ပါ။ အများပြည်သူအတွက်ပါပဲ။ တိုင်းပြည်တည်ငြိမ်အေးခချမ်းစေချင်တယ်။ တိုင်းပြည် တိုင်းပြည်ဖွံ ့ဖြိုးတိုးတက်ချင်တယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေနဲ့လည်း တိုင်းပြည်ကိုခေါင်းဆောင်လာတာ နှစ်ပေါင်းအတော်ကြာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့အနေနဲ့ဒီနေ့ အာဏာမရှိပေမယ့် ထိုက်သင့်တဲ့ သြဇာရှိနေပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီလိုနိုင်ငံမှာ အချိန်အတော်ကြာ တာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံခြင်းဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းအတွက်ကော ဒေါ်အောင်ဆန်းစုကြည်အတွက်ကော နိုင်ငံအတွက်ကာ အများကြီးအခြေအနေကောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ဒီလိုတွေ့ဆုံပေးခြင်းဖြစ်ပါတယ်။

ကျန်တဲ့ နိုင်ငံတော်သမ္မတတို့၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဒီတစ်ခါမှာ ထူးထူးခြားခြား ကြိုးပမ်းပေးစရာမလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကသူတို့နဲ့ တွေ့ဖို့သီးခြား သီးခြားသူတို့ဆီ ကမ်းလှမ်းခဲ့ပါတယ်။ သို့ရာတွင် တစ်ခုတော့ ရှိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ရက်ကာလအတွင်းမှာ ကိုယ့်အနေနဲ့ သူနဲ့ ဘယ်နေ့ဘယ်အချိန်မှာ တွေ့မယ် တစ်ခါတည်းဆောင်ရွက်ခြင်းဟာ ပြောမယ်ဆိုကျန်တဲ့သူများ အနေနဲ့ သူတောင်တွေ့နေပြီ၊ တို့လည်း တွေ့ဖို့လိုတယ် တွေ ့သင့်တယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပါတီစွဲ ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူစွဲတွေ မထားဘဲနဲ့နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားဆိုရင် အစွဲတွေမထားဘဲနဲ့ အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုတာ လွှတ်တော်ထဲမှာ ဒီလိုပဲကြေငြာပြီးတော့ ပြောနေပါတယ်။ ဒါကြောင့်မို့လို့ခုနကမေးတဲ့မေးခွန်းမှာ အနာဂတ် နိုင်ငံရေးကဘယ်လိုလဲ ပြည်ခိုင်ဖြိုးပါတီမှာပဲဆက်ရှိမလား။ သို့မဟုတ် ပါတီတစ်ခုထောင်မလား။ သို့တည်းမဟုတ် NLD နဲ ့ပဲပူးပေါင်းဆောင်ရွက်မလား ဆိုတာနဲ့ ပက်သက်ပြီး မိမိဘက်ကတော့ တစ်ပါတီမှာ ရှိသေးတယ်။ လူပုဂ္ဂိုလ်နဲ ့ပါတီအကျိုးစီးပွားယှဉ်ရင် ပါတီအကျိုးစီးပွားကို ဦးစားပေးမယ်။ ပါတီ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားကို ယှဉ်ရင် နိုင်ငံအကျိုးစီးပွားဦးစားပေးမယ်။ ဒါကြောင့်မို့လို့ တို့အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီနေ့ နိုင်ငံအကျိုးစီးပွား၊ ပြည်သူ ့အကျိုးစီးပွားကိုပဲ အမြဲထာဝရ ဦးထပ်ထားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

AP သတင်းဌာန

(မေး) NLD ဘက်ကရော ဘယ်လို ရာထူးတွေးမျိုး နဲ့နိုင်ငံရေးဆက်လုပ်ဖို့ ကမ်းလမ်းထားတာရှိလဲခင်ဗျ။

(ဖြေ) လောလောဆယ်တော့ ဒါနဲ ့ပက်သက်ပြီး ဘယ်တာဝန်ဘယ် ကိစ္စတွေမှာ လုပ်ပေးပါလို့တော့ ကမ်းလှမ်းတာမရှိပါဘူး။ ကိုယ့်ရဲ ့သုံးသပ်ချက်မျှော်လင့်ချက်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိရင်လဲသူ ပြည်သူကလည်း လေးစားယုံကြည်တယ်။ နိုင်ငံရေးေခေါင်းဆောင်တစ်ဦးဖြစ်တယ် သူ့မှာလည်း အမြော်အမြင်တွေဆင်ခြင်တုံတရားတွေ ပြည့်ဝတဲ့လူဖြစ်ပါတယ်။ ဒါကြောင့်မို့လို့သူအနေနဲ့ တာဝန်ပေးမယ်။ သို့မဟုတ်ရင် အသုံးချ မယ်ဆိုရင် သူလည်း သေချာစဉ်းစားပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးးရှိမယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်လို့လည်း ထင်ပါတယ်။ တို့ဘက်ကတော့ ဘယ်နေရာဘယ်ရာထူးဘယ်တာဝန်ဆိုတဲ့ဟာကို အဓိကထားမစဉ်းစားဘဲနဲ့ အများအကျိုးအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ မူလရည်ရွည်ချက်အတိုင်းပဲဖြစ်ပါတယ်။

The Voice သတင်းဌာန

(မေး) လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ နာယကကြီးကြားမှာ တင်းမာမှုတွေရှိတယ်လို့ကြားသိရပါတယ်ခင်ဗျ။ သြဂုတ်လ ၁၂ရက်နေ့ ညဖြစ်ပွားတဲ့ကိစ္စမှာဆိုရင် နာယက ကကြံခိုင်ရေးပါတီမှာဆိုရင် ငွေရေးကြေးရေး ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး သတင်းတွေထွက်ထားတယ်။ အကယ်၍များ နာယကတာဝန်ကို ပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ အစိုးရ အဖွဲ့သက်တမ်းကကျန်သေးတယ်။ အဲ့ဒီအချိန်မှာ နာယကကို ပါတီတွင်း ငွေရေးကြေးရေး တရားစွဲဆိုမှုတစ်ခု ရှိလာခဲ့မယ်ဆိုရင် နာယကအနေနနဲ့ စိုးရိမ်မှုရှိသလား။

(ဖြေ) စိုးရိမ်မှုမရှိပါဘူး။ စိုးရိမ်မှုမရှိတဲ့အကြောင်းက ကိုယ့်အကြောင်းကို သိပါတယ်။ လုပ်ခဲ့သမျှအားလုံးက ဥပဒေနဲ့အညီ လုပ်ကိုင်ခဲ့ပါတယ်။ ငွေရေးကြေးရေးဆိုတာလည်း ခုနက ပါတီအနေနဲ့ပြောရမယ်ဆိုရင် ငွေတစ်ပြားမှလဲမကိုင်ဘူး။ ကိုယ်တိုင်လဲ တစ်ပြားမှမသုံးဘူး။ သူများကိုပေးလိုက်ပါလို့လည်း မပြောပါဘူး။ ငွေရေးကြေးရေးနဲ့ပက်သက်ရင် ပါတီရဲ ့စည်းမျဉ်းစည်းကမ်းနဲ ့အညီဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာ စာရင်းကိုင်တာဝန်တစ်ယောက်၊ ငွေကိုင်တဲ့သူကတစ်ယောက်၊ ဒီလိုလုပ်ပါတယ် အဲ့ဒီအခါမှာ စာရင်းစစ်တဲ့သူလဲရှိပါတယ်။  ဒါကြောင့်မို့လိုပြောမယ်ဆိုရင်တော့ ကိုယ့်အခွင့်အရေးကို အလွဲသုံးစားမလုပ်ခဲ့ပါဘူး။  ဒါကြောင့်မို့လို ဒီကိစ္စနဲ ့ပက်သက်လို့ စိုးရိမ်မှုမရှိပါဘူး။ အဲ့အတိုင်းပဲ တစ်ဦးတစ်ယောက်က ဖန်တီးပြီး လုပ်မယ်လို့လည်း ဖြစ်နိုင်မယ်မထင်ပါဘူး ဖြစ်နိုင်မှုမရှိတဲ့ဟာ ဖြစ်လာမယ်ဆိုရင် ရင်ဆိုင်ဖို့အသင့်ပါပဲ။ ဘာနဲ့ ရင်ဆိုင်မလဲ ဥပဒေအရ ရင်ဆိုင်မယ်။ အဓိက အားကိုးအားထားက ဥပဒေပဲဖြစ်ပါတယ်။ ဥပဒေဆိုတာ အကာအကွယ်ပေးတာဖြစ်သလို ဥပဒေကို မလိုက်နာသူတွေကိုလည်း ဥပဒေအရ အရေးယူဖို့ပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့စိတ်ထဲမှာ ဘယ်ကိစ္စမဆို ဥပဒေနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြောခဲ့ပါတယ် ၂၀၀၄ လောက်တည်းကစပြောတာ ဥပဒေအထက်မှာ မည်သူမျှမရှိစေရ၊ ဥပဒေအထက်မှာ တစ်ဦးတစ်ယောက်ရှိနေမယ်ဆိုရင် အဲ့ဒီ နိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့နိုင်ငံမဟုတ်တော့ဘူးဖြစ်မှာ။ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင်တော့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဥပဒေ အညီလုပ်ဖို့ပြောမယ်ဆိုရင် လူပုဂ္ဂိုလ်အဖွဲ ့အစည်းတွေက ဥပဒေအောက်မှာ ရှိဖို့ပဲဖြစ်ပါတယ်။

 https://www.facebook.com/MizzimaDaily/videos/1107703009264603/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly