ယူကရိန်းသို့ စေလွှတ်ထားသည့် တိုက်ခိုက်ရေးအင်အား၏ ၂၅ ရာခိုင်နှုန်း ရုရှ ဆုံးရှုံးဟု ပင်တဂွန် ပြော 

ယူကရိန်းသို့ စေလွှတ်ထားသည့် တိုက်ခိုက်ရေးအင်အား၏ ၂၅ ရာခိုင်နှုန်း ရုရှ ဆုံးရှုံးဟု ပင်တဂွန် ပြော 

ဧပြီ ၂၀

ရုရှနိုင်ငံသည် ယူကရိန်းသို့ ကျုးကျော်ရန် စေလွှတ်ထားသည့် ၎င်း၏ တပ်ဖွဲ့ဝင်အင်အား၊ လက်နက်များနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ၏ လေးပုံတစ်ပုံကို နှစ်လမပြည့်မီအတွင်း ဆုံးရှုံးရကြောင်း အမေရိကန် အကြီးတန်းကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောသည်။ 

“ရုရှသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကျူးကျော်မှု စတင်ချိန်မှာ ရှိခဲ့တဲ့ တိုက်ခိုက်ရေးအင်အားရဲ့ ၇၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ကျွန်တော်တို့ ယူဆတယ်”ဟု ပင်တဂွန်တွင် ၎င်းတာဝန်ရှိသူက သတင်းထောက်များအား ပြောသည်။ “ဒါဟာ ခြေလျင်တပ်တွေ၊ အမြောက်တပ်တွေ၊ လေယာဉ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုစ်ဒုံးကျည်တွေ စတာတွေမှာ ဆုံးရှုံးရတာကို ပြောတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်က စစ်ပွဲ မစတင်မီ ပူတင်သည် ရုရှနှင့် ဘီလာရုစ်နှင့် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် တပ်အင်အား ၁၇၀,၀၀၀ ကျော်နှင့် စစ်လက်နက်ပစ္စည်းများကို လများစွာ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူက ဆိုသည်။

ရုရှ၏ ဆုံးရှုံးမှုအကြောင်း နောက်ထပ် အသေးစိတ်ပြောဆိုရန်ကို အမည်မဖော်သည့် ယင်း တာဝန်ရှိသူက ငြင်းဆန်သော်လည်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့၌ ထုတ်ပြန်ရာတွင် ယူကရိန်းတပ်များသည် ရုရှတပ်ဖွဲ့ဝင်ပေါင်း ၂၀,၈၀၀ ကို သုတ်သင်ခဲ့ပြီး တိုက်လေယာဉ် ၁၆၉ စင်း၊ တင့်ကား ၈၀၂ စီး၊ သံချပ်ကာယာဉ် ၂,၀၆၃ စီးနှင့် ဘက်စုံသုံး ဒုံးပစ်စနစ် ၁၃၂ ခုတို့ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ 

အင်္ဂါနေ့အထိ ယူကရိန်း လေယာဉ် အစီးရေ ၁၄၀ ၊ မောင်းသူမဲ့ လေယာဉ် ၄၉၀ ၊ လေယာဉ်ဖျက် ဒုံးကျည်စနစ် ၂၅၃ ၊ တင့်ကားနှင့် အခြားသော သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂,၃၆၇ စီး၊ ဘက်စုံသုံး ဒုံးပစ်စနစ် ၂၅၆ ခုနှင့် အမြောက်နှင့် မော်တာ ၁,၀၂၁ ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်မှနေ၍ ထုတ်ပြန်ထားသည်။ 

ယူကရိန်းသည် ၎င်း၏ တပ်ဖွဲ့ဝင်များနှင့် အခြားသော တိုက်ခိုက်ရေးသမားများ ၂၃,၃၆၇ ဦးကို စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသည်ဟုလည်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တယ်လီဂရမ်မှပင် ထုတ်ပြန်ထားသည်။ ယင်း နှုန်းထားသည် ထိခိုက်ဒဏ်ရာရသူများနှင့် စစ်အကျဉ်းသားများ ပါမပါကို ထုတ်ပြန်ချက်၌ ဖော်ပြခြင်း မရှိပေ။ 

ခွဲထွက်ရေးသမားများ၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်နိုင်ရေးအတွက် ရုရှတပ်များသည် ယူကရိန်းအရှေ့ပိုင်းအား ထိုးစစ်သစ်များ စတင်ဆင်နွှဲနေပြီကြောင်း ယခု စစ်ပွဲ၏ ဆုံးရှုံးမှုများ မကြေညာခင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့၌ မှတ်ချက်ပြု ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required