ယူကရိန်း၌ ‘စစ်ရာဇဝတ်မှု’ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရုရှတပ်ဖွဲ့ကို ပူတင်က ဘွဲ့ တံဆိပ် ချီးမြှင့်

ယူကရိန်း၌ ‘စစ်ရာဇဝတ်မှု’ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရုရှတပ်ဖွဲ့ကို ပူတင်က ဘွဲ့ တံဆိပ် ချီးမြှင့်

ဧပြီ ၁၉

ယူကရိန်းနိုင်ငံ ဘူချာမြို့၌ စစ်ရာဇဝတ်မှုများ ကျူးလွန်ထားခဲ့သည်ဟု ယူကရိန်းဘက်က စွပ်စွဲထားခဲ့သည့် ရုရှစစ်တပ်၏ တပ်ဖွဲ့တစ်ခုကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က အထူးတပ်ဖွဲ့ဆိုင်ရာ ဘွဲ့ဂုဏ်ထူးတစ်ခု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘွဲ့တံဆိပ် ချီးမြှင့်ကြောင်း ကြေညာမှုကို ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်စစ်ဆင်နွှဲမှု ၅၄ ရက်မြောက်နေ့တွင် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် လူထောင်ချီ သေဆုံးခဲ့ရသလို လူ ၁၂ သန်းခန့်သည်လည်း ၎င်းတို့၏ နေအိမ်များ သို့မဟုတ် နိုင်ငံကနေ ထွက်ပြေးခဲ့ကြရကာ ယင်းက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဉရောပ၌ အကြီးဆုံးသော ဒုက္ခသည် အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ်ထားစေခဲ့သည်။

ဧပြီ ၁၈ ရက်တွင် သမ္မတ ပူတင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် အမိန့် ဒီကရီထဲတွင် “အများဆိုင်ရာ သူရသတ္တိ ရှိမှု နှင့် ရဲစွမ်းသတ္တိ” အတွက် အမှတ် ၆၄ ယာဉ်တင် ခြေလျင်တပ်ဖွဲ့ကို ဂုဏ်ထူးဆောင် တပ်ဖွဲ့ ဘွဲ့တံဆိပ် ချီးမြှင့်ကြောင်း ဖော်ပြခဲ့သည်။ ယင်း အမိန့်ထဲတွင် ယူကရိန်းရှိ ရုရှ၏ စစ်ပွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထည့်သွင်းမဖော်ပြထားပေ။

အဆိုပါ ချီးမြှောက်ခံရသည့် ရုရှ တပ်ဖွဲ့သည် ဘူချာမြို့ကို သိမ်းပိုက်ထားခဲ့စဉ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ပါဝင်ထားသည့် တပ်ဖွဲ့တစ်ခုအဖြစ် ယခုလအစောပိုင်းတွင် ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ခွဲခြားထုတ်ဖော်ထားသည်။ စစ်အတွင်း ရုရှတို့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ကျူးလွန်ခဲ့သည် ဆိုသော သတင်းများကြောင့် အဆိုပါ ဘူချာမြို့သည် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည့် မြို့တစ်မြို့ ဖြစ်သည်။

ကိယက်ဗ် ဆင်ခြေဖုံးတွင် လက်ရှိအချိန်တွင် ရုပ်အလောင်း ၃၅၀ ကျော်တွေ့ရှိထားကြောင်းနှင့် အားလုံးနီးပါးမှာ ပစ်သတ်ခံထားရခြင်းဖြစ်ကြောင်း မြို့တော်ဒေသ ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ဧပြီ ၁ ရက်က ဘူချာမြို့ကနေ ရုရှတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့စဉ် မဆင်မခြင် ဗုံးကြဲမှု၊ လူအစုအပြုံလိုက် မြှုပ်နှံထားမှုများ၊ အရပ်သားများကို ညှဥ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများဆိုင်ရာ ဓာတ်ပုံ၊ ဗီဒီယိုများကြောင့် ကမ္ဘာတဝန်း အုတ်အော်သောင်းသဲ ပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်ခဲ့သည်။ အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများကလည်း ထို စစ်ရာဇဝတ်မှုများ၏ သက်သေအထောက်အထားများနှင့် ချိတ်ဆက်ပြီး ယခုလထဲတွင် ရုရှစီးပွားရေးအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုအသစ်များ လုပ်ဆောင်ထားခဲ့သည်။

ဘူချာမြို့တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရုရှတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၏ အမည်များ၊ ရာထူးအဆင့်များနှင့် ပတ်စ်ပို့များဆိုင်ရာ အသေးစိတ်ကို ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် တရားစီရင်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ပြောခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုတစ်ရပ်အပေါ် ၎င်းတို့၏ စစ်ဘက်ရင်းမြစ်များကို အာရုံစိုက်ရန် ရုရှတပ်ဖွဲ့များ ယူကရိန်း၏ ကိယက်ဗ်ဒေသကနေ ဆုတ်ခွာခဲ့ပြီးနောက် တွေ့ရှိခဲ့သည့် ဘူချာမြို့မှ သေဆုံးမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ရုရှက ငြင်းဆိုထားခဲ့သည်။

ရုရှအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က မှတ်ချက်ပေးရန် ပန်ကြားချက်ကို လက်တလော  မဖြေကြားခဲ့ပေ။

ဘူချာမြို့ကို သိမ်းပိုက်ထားခဲ့စဉ် ရုရှတပ်ဖွဲ့များက အရပ်သားများကို သတ်ဖြတ်ခဲ့သည် ဆိုသော စွပ်စွဲချက်များမှာ ရုရှ စစ်တပ်ကို သိက္ခာချရန် ရည်ရွယ်သည့် “ဆိုးရွားသည့် လိမ်လည်အတုပြုမှု” တစ်ခုသာ ဖြစ်ကြောင်း ရုရှက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required