စစ်ပွဲအတွင်း တိုင်းပြည်မှ ထွက်ပြေးသည့် ယူကရိန်းပြည်သူပေါင်း ၄ ဒသမ ၉ သန်းကျော် ရှိ 

စစ်ပွဲအတွင်း တိုင်းပြည်မှ ထွက်ပြေးသည့် ယူကရိန်းပြည်သူပေါင်း ၄ ဒသမ ၉ သန်းကျော် ရှိ 
Photo - AFP

ဧပြီ ၁၉

ရုရှ ကျူးကျော်စစ်ကြောင့် နိုင်ငံမှ ထွက်ပြေးသည့် ယူကရိန်းပြည်သူပေါင်းသည် ၄ ဒသမ ၉ သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက တနင်္လာနေ့တွင် ပြောပြီး အမျိုးသမီးနှင့် ကလေးသူငယ် ဒုက္ခသည်များအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မည့် ဘေးအန္တရာယ်များ ရှိနေကြောင်း သတိပေးသည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ရုရှကျူးကျော်ချိန်မှစကာ တိုင်းပြည်မှ ထွက်ပြေးကြသူပေါင်းသည် တနင်္ဂနွေနေ့ တစ်ရက်တည်း၌ ၆၅,၃၉၆ ဦး ရှိ၍ စုစုပေါင်း ၄,၉၃၄,၄၁၅ ဦး ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က ပြောသည်။ 

ကျောင်းသားများနှင့် ရွှေ့ပြောင်းဝင်ရောက်သူ အများစုဖြစ်သည့် တတိယနိုင်ငံများမှ နိုင်ငံသားများလည်း ယူကရိန်းမှ အိမ်နီးချင်း နိုင်ငံများဆီ ဘေးလွတ်ရာ ထွက်ပြေးကြရာတွင် ၂၁၅,၀၀၀ နီးပါးရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းဝင်ရောက်သူများ အဖွဲ့ IOM က ပြောသည်။ ယင်းအတွက် စစ်ပွဲစတင်ချိန်မှစပြီး ယူကရိန်းမှ ထွက်ပြေးသူပေါင်းက ငါးသန်းကျော်ထက်မနည်း ရှိနေပြီ ဖြစ်သည်။ 

ယခု ယူကရိန်းမှ ထွက်ပြေးကြသည့် နှုန်းထားသည် အလျင်မြန်ဆုံး ကြီးထွားသည့် နေရပ်ရွှေ့ပြောင်းကြမှုလည်း ဖြစ်သကဲ့သို့ အဆိုးဆုံး လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းလည်း ဖြစ်သည်။ 

ထွက်ပြေးကြသူများတွင် အမျိုးသမီးနှင့် ကလေးများက ၉၀ ရာခိုင်နှုန်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆၀ ကြား အမျိုးသားများသည် စစ်မှုထမ်းဆင့်ခေါ်မှုအတွက် သင့်တော်ခြင်းကြောင့် နိုင်ငံမှ ထွက်သွားနိုင်ခြင်း မရှိကြပေ။ 

နိုင်ငံတွင်းမှာပဲ ရွှေ့ပြောင်းရသည့် ကလေးငယ်များအပါအဝင် ယူကရိန်း ကလေးငယ် သုံးပုံနှစ်ပုံနီးပါးက ၎င်းတို့၏ အိမ်များမှ စွန့်ခွာထွက်ပြေးကြရခြင်း ဖြစ်သည်။ 

“အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုဖြစ်တဲ့ ယူကရိန်းက ဒုက္ခသည်တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အလွဲသုံးစား ပြုကျင့်မှုနဲ့ လူကုန်ကူးမှု ဘေးအန္တရာယ်တွေကို တိုးပြီး ရင်ဆိုင်နေရတယ်”ဟု UNHCR က ပြောသည်။ 

“နယ်စပ်မှတ်တွေက မြေပြင်မှာ ကျွန်တော်တို့အနေနဲ့ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရတယ်”ဟု ယင်းက ဆိုသည်။ 

နိုင်ငံပြင်ပသို့ ထွက်ပြေးကြသည့် ဒုက္ခသည်များအပြင် ယူကရိန်းနိုင်ငံတွင်းမှာပင် ပြည်သူ ၇ ဒသမ ၁ သန်းခန့်က နေအိမ်များ စွန့်ခွာထွက်ပြေးကြရသည်ဟု IOM က ခန့်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly