နိုင်ငံရေးအကျဉ်းသားများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်ပါဝင်ခြင်းမရှိဘဲ စစ်ပြေး၊ ရဲပြေး၊ မူးယစ် အကျဉ်း သားများကိုသာ လွှတ်ပေး

By ရိုဇာ
17 April 2022
နိုင်ငံရေးအကျဉ်းသားများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်ပါဝင်ခြင်းမရှိဘဲ စစ်ပြေး၊ ရဲပြေး၊ မူးယစ် အကျဉ်း သားများကိုသာ လွှတ်ပေး

ဧပြီ ၁၇

ဧပြီ ၁၇ ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်း သား အကျဉ်းသူ ၄၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အာဏာရှင်မှ ယနေ့ နံနက် ၇ နာရီ သတင်းတွင်ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ပြေး၊ ရဲပြေး၊ မူးယစ် အကျဉ်းသားများကိုသာလွတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်ာနှစ်ဆန်းတစ်ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရန်ကုန်အင်းစိန်အကျဉ်းထောင်မှ စစ်ပြေး၊ ရဲပြေး၊ မူးယစ်အကျဉ်းသား ၁၈၀ ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် စစ်အာဏာရှင်အစိုးရမှ လွှတ်ပေးခဲ့သည်။

အင်းစိန် ရွာမအနောက်ဘက်ခြမ်း ထောင်အပေါက်မှ ဘတ်စ်ကားလေးစီးဖြင့် အဆိုပါ အကျဉ်းသား ၁၈၀ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိလွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း မရှိဘဲ ယနေ့အတွက် ဆက်လက်လွှတ်ပေးမည့်သူ မရှိတော့ကြောင်း ထောင်ဝန်ထမ်းများက ဆိုသည်။

“ ဒီအရှေ့ဘက်မှ လွှတ်မယ်ထင်ပြီး လူတွေကစောင့်နေတာ။ ပြီးတော့ အနောက်ဘက်ကနေ ကားလေးစီး လွှတ်လိုက်ပြီဆိုတော့ အဲဒီဘက်ကိုလိုက်သွားတာ ဟိုရောက်တော့ ရင်ဝဆောင့်ကန်လိုက်သလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးတဲ့လေ''ဟု အင်းစိန်ထောင်ရှေ့လာရောက်စောင့်ဆိုင်းနေသည့် မိသားစု ဝင်တစ်ဦးက ပြောသည်။

အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၄၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အာဏာရှင်မှ ယနေ့ နံနက် ၇ နာရီသတင်းတွင် ကြေညာထားသည့်အတွက် အင်းစိန်ထောင်ရှေ့တွင် လာရောက် စောင့်ဆိုင်းသူ ရာဂဏန်းခန့်ရှိနေခဲ့သည်။

သားနှစ်ဦးအတွက် လာရောက်စောင့်ဆိုင်းနေသည့် မိခင်တစ်ဦးက “ ကိုယ့်သားလေးတွေကိုလည်း လွတ် စေချင်တာပေါ့။ တခြားသူတွေကိုလည်း လွတ်စေချင်တယ်။ တကယ်လို့ ကိုယ့်သားတွေမလွတ်ရင်တောင် တခြားမိသားစုဝင်တွေရဲ့ ကလေးတွေကိုတော့ တကယ်လွတ်စေချင်မိတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကလေး တွေက လူပျိုလူလွတ်တွေလေ၊ သူများက မိသားစုလေးတွေနဲ့ဆိုတော့ သူတို့ကို တကယ်လွတ်ငြိမ်းထဲ ပါစေချင်တာပါ” ဟု ဆိုသည်။

အလားတူပင် မြိတ်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅ အပါဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိကြောင်း သွားရောက်စောင့်ဆိုင်းခဲ့သည့် မိသားစုဝင်များထံမှ သိရသည်။

လက်ရှိတွင် မြိတ်အကျဉ်ထောင်မှ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လွတ်ငြိမ်းဖြင့်ပြန်လွှတ်ပေးခဲ့သူ များတွင် အမျိုးသမီးနှစ်ဦး အပါဝင် ၁၂ ဦးကိုသာ လွတ်ပေးခဲ့သည်ဟု မြိတ်အကျဉ်းထောင်ရှေ့သို့သွား ရောက်စောင့်ဆိုင်းနေသည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တစ်ဦးကပြောသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက “မနက်ကတော့ လွတ်ငြိမ်းရှိတယ်သိရလို့ ထောင်ဘူး၀မှာသွား စောင့်ခဲ့တယ်။ ပြန်လွတ်ပေးသူက နည်းနည်းလေးပဲရှိတော့ အကုန်လုံးပြန်လာကြတယ်”ဟု ပြောသည်။

မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသူများထဲတွင် စစ်ပြေး ရှစ်ဦးနှင့် ဆေးမှု လေးဦး စုစုပေါင်း ၁၂ ဦး ဖြစ်ကြောင်း သွားရောက် စောင့်ဆိုင်းခဲ့သူများထံမှ သိရသည်။

ဧရာဝတီတိုင်း ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အကျဥ်းသားများအနက် စစ်ပြေးနှင့် ရဲပြေး ၁၄ ဦးကို ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်က ပြန်လွှတ် ပေးခဲ့သည်ဟု အကျဥ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူများထံမှသိရသည်။

“ပုသိမ်ထောင်မှာရှိတဲ့ စစ်ပြေးနဲ့ရဲပြေးရှစ်ယောက်နဲ့ ရဲစခန်းတွေကလာပို့ထားတဲ့ စစ်ပြေး၊ ရဲပြေး လေး ယောက်ကို ဒီမနက်ပိုင်းကပြန်လွှတ်ပေးလိုက်တာပါ။ ပြောရရင်တော့ သူတို့လူတွေကို သူတို့ပြန်ခေါ်ထုတ် တဲ့ သဘောပါပဲ။ အခုထိတော့ နိုင်ငံရေးအကျဥ်းသားတွေတစ်ယောက်မှ လွှတ်မပေးသေးဘူး "ဟု ထောင်ဝန်ထမ်းနှင့် နီးစပ်သူကပြောသည်။

မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများအား ပြန်လွှတ်ပေးခြင်းမရှိသေးသော်လည်း နိုင်ငံရေးအကျဥ်း သားများ၏ မိသားစုဝင်အချို့ လာရောက်စောင့်ဆိုင်းနေကြသည်ဟု ပုသိမ်အကျဥ်းထောင်အနီး နေထိုင်သူ များထံမှသိရသည်။

ယနေ့ကြေညာခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ ရခိုင်ပြည်နယ်အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၄၅ ဦးပါဝင်ပြီး စစ်တွေ မြို့အကျဉ်းထောင်မှ ရှစ်ဦးပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသူများကို နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ယနေ့နံနက် ပိုင်းမှစတင်ကာ လွှတ်ပေးလျက်ရှိသည်။

Video - ရိုဇာ

#Mizzima

#အင်းစိန်ထောင်

#နိုင်ငံရေးအကျဉ်းသား

#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly