အိန္ဒိယက နီပေါတွင် ကျောင်းများ၊ ရေပေးဝေရေး စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

17 April 2022
အိန္ဒိယက နီပေါတွင် ကျောင်းများ၊ ရေပေးဝေရေး စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ကျောင်း၊ ကျန်းမာရေးဌာနနှင့် ရေပေးဝေရေးစီမံကိန်းများ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ ၃ ခုကို ခတ္တမန္ဒူမြို့ရှိ အိန္ဒိယသံရုံးနှင့် နီပေါအစိုးရ၏ ဖက်ဒရယ်ရေးရာနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးလိုက်သည်။

အိန္ဒိယအစိုးရ၏ ဘဏ္ဍာငွေ ထောက်ပံ့မှုအစီအစဉ်ဖြင့် လုပ်ဆောင်သည့် အိန္ဒိယ-နီပေါ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အရပ်ဘက်ဖွံ့ဖြိုးရေး စီမံကိန်းများအားလုံးကို တည်ဆောက်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်များမှာ အလယ်တန်းကျောင်းအတွက် နီပေါရူပီးငွေ ၇၀ ဒသမ ၈၇ သန်း၊ ကျန်းမာရေးဌာနအတွက် ၂၅ ဒသမ ၃၆ သန်း၊ ရေပေးဝေရေး စီမံကိန်းများအတွက် ၁၁ ဒသမ ၇၇ သန်းတို့ ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နီးစပ်တဲ့ အိမ်နီးချင်းတွေ ဖြစ်တာကြောင့် အိန္ဒိယနဲ့ နီပေါတို့အကြား ကဏ္ဍအများအပြားမှာ ပူးပေါင်းဆောင်ရွက် သွားပါမယ်။ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ခြင်းဟာ နီပေါအစိုးရက သူတို့ ပြည်သူတွေရဲ့ဘဝ အဆင့်မြှင့်တင်အောင် လုပ်ဆောင်ရာမှာ အိန္ဒိယအစိုးရက ဆက်လက်ပံ့ပိုးနေကြောင်းကို ဖော်ပြနေတာပါ” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းများ တည်ဆောက်ခြင်းသည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ပညာရေး အဆောက်အအုံများ၊ ကျန်းမာရေး စောင့်ရှောက်မှုဌာနများကို ရရှိစေမည်ဖြစ်သလို ဒေသခံတောင်သူများ၏ ရေသွင်းစိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံ ထုတ်လုပ်ရေးကို အထောက်အပံ့ဖြစ်စေကာ ၎င်းတို့၏ လူနေမှုဘဝများနှင့် စီးပွားရေးအဆင့်အတန်းကို တိုးတက်စေမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယသည် ၂၀၀၃ ခုနှစ်က နီပေါ၌ ဖွံ့ဖြိုးရေး စီမံကိန်း ၅၂၄ ခုကို သတ်မှတ်လုပ်ဆောင်ခဲ့ရာတွင် ပြည်နယ် ၇ ခုစလုံးရှိ အောက်ခြေပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေ၊ ဆက်သွယ်ရေး၊ သန့်ရှင်းရေးနှင့် အများပြည်သူနှင့်ဆိုင်သည့် အခြားနေရာများ ဖန်တီးခြင်းနယ်ပယ်များတွင် စီမံကိန်းပေါင်း ၄၆၇ ခု ပြီးစီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly