နယ်စပ်ဒေသ လာဒက်မြို့အနီး ဓာတ်အားပေးလိုင်းကို နှောက်ယှက်ရန် တရုတ်ဟက်ကာများ၏ လုပ်ဆောင်ချက်ကို အိန္ဒိယ ဖော်ထုတ်

နယ်စပ်ဒေသ လာဒက်မြို့အနီး ဓာတ်အားပေးလိုင်းကို နှောက်ယှက်ရန် တရုတ်ဟက်ကာများ၏ လုပ်ဆောင်ချက်ကို အိန္ဒိယ ဖော်ထုတ်

အိန္ဒိယနိုင်ငံ လာဒက်ခ်မြို့အနီးရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့် ဌာနများအား တရုတ်ဟက်ကာများက ထိုးဖောက်နှောက်ယှက်ရန် ကြိုးပမ်းမှုများကို ဟန့်တားနိုင်ခဲ့ကြောင်း လျှပ်စစ်ဓာတ်အားနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဝန်ကြီး အာရ်ကေ ဆင်းက ဧပြီ ၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို ဟက်ကာများက တိုက်ခိုက်ရန် ၂ ကြိမ်ကြိုးပမ်းခဲ့သည်။

ဩဂုတ်နှင့် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ဆိုက်ဘာတစ်ခိုက်မှုတစ်ခုကို ဖော်ပြခဲ့သည့် မီဒီယာသတင်းများနှင့် ပတ်သက်၍ ဆင်းက “ဆိုက်ဘာတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ကာကွယ်ရေးစနစ်ကို တိုးမြှင့်ထားပြီးပါပြီ” ဟု ပြောကြားသည်။

တရုတ်အစိုးရက ပံ့ပိုးပေးထားသည့် ဟက်ကာများသည် အိန္ဒိယနိုင်ငံ ပြည်ထောင်စုနယ်မြေအတွင်းရှိ လာဒက်ခ်မြို့အနီးမှ ဓာတ်အားဖြန့်ဖြူးသည့် ဌာနများကို လွန်ခဲသည့် ၈ လက ပစ်မှတ်ထားခဲ့ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြခဲ့သည်။

လာဒက်ခ်မြို့ အရှေ့ဘက်တွင် အိန္ဒိယနှင့် တရုတ်စစ်တပ်များ အကြား ပြဿနာမပြေလည်သေးသောကြောင့် အိန္ဒိယကြည်းတပ်နှင့် လေတပ်အရာရှိကြီးများသည် နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်တွင် ပြင်ဆင်မှုများနှင့် အခြေခံအဆောက်အအုံလိုအပ်ချက်များအပေါ် တွက်ချက်အကဲဖြတ်လျက်ရှိသည်။

အဆိုပါ နယ်စပ်ပြဿနာများကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံစလုံးက စစ်ဘက်နှင့် သံတမန်အဆင့်များတွင် ဆွေးနွေးနေသော်လည်း တရုတ်ဘက်မှ စိတ်မဝင်စားခြင်းကြောင့် အဓိကကျသည့် ပြဿနာများကို မဖြေရှင်းနိုင်သေးပေ။

တရုတ်အနေဖြင့် တပ်များအားလုံး ရုပ်သိမ်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလက ရှိခဲ့သည့် ပုံစံအနေအထားသို့ ပြန်ရောက်မှသာ ပြဿနာပြေလည်နိုင်လိမ့်မည်ဟု အိန္ဒိယ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ အာဂျစ်ဒိုဗယ်က ပြောကြားသည်။

အိန္ဒိယအနေဖြင့် ယခုအခါ LAC တစ်လျှောက်တွင် တပ်ဖွဲ့များကို ပိုမိုချထားသလို လေတပ်ကလည်း ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ရှေ့တပ်နေရာများတွင် အသုံးပြုနိုင်အောင် စတင်ဆောက်လုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly