ဝေဖန်မှုများ တိုးလာချိန်တွင် တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ကာကွယ်ပြောဆို

ဝေဖန်မှုများ တိုးလာချိန်တွင် တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ကာကွယ်ပြောဆို

တရုတ်တွင် ကိုဗစ်လုံးဝသည်းမခံသည့် မူဝါဒကို ဝေဖန်မှုများ တိုးလာချိန်တွင် ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာ ဖြစ်သော ရှန်ဟိုင်းအပါအဝင် တရုတ်မြို့ကြီးအများအပြားတွင် အခက်အခဲဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအစီအမံများကို ဧပြီလ ၁၂ရက်က တရုတ်အစိုးရက ကာကွယ်ပြောဆိုလိုက်သည်။ ဧပြီ ၁၂ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက တရုတ်၏ တက်ကြွသောကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒနှင့် ကူးစက်ရောဂါ တိုက်ဖျက် ရေးစီမံချက်များသည် သိပ္ပံနှင့် ကျွမ်းကျင်သူများ၏ သဘောထားအမြင်များအပေါ် အခြေခံထားကြောင်း ပြောကြားခဲ့သည်။

ယင်းမူဝါဒများသည် နိုင်ငံအတွက် လက်ရှိဖြစ်နေသည်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ လမ်းညွှန်မှုများနှင့်လည်း ကိုက်ညီသည်ဟု ကျောက်က ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံမှာ နေထိုင်တဲ့ တရုတ်နဲ့ နိုင်ငံခြားသားတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ဒီအစီအမံတွေက ထိရောက်စွာ ကာကွယ်ပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အရေးကြီးတဲ့ ပံ့ပိုးကူညီမှု တွေ လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလဲ ချီးမွမ်းပြောဆိုခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

ကိုဗစ်ပိတ်ဆို့မှုများသည် ကုမ္ပဏီများအတွက် သိသိသာသာ အနှောက်အယှက်ဖြစ်စေသည်ဟု တရုတ်ရှိ ဥရောပကုန်သည်ကြီးများအသင်းမှ ပြောကြားပြီးနောက် ယခုတုံ့ပြန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျာမန်ကုမ္ပဏီများ၏ ထက်ဝက်နီးပါးကလည်း ၎င်းတို့၏ ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်များအပေါ် သက်ရောက်မှု ရှိကြောင်း စစ်တမ်းတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရက ကိုဗစ်-၁၉ မူဝါဒများကို ထပ်လောင်းကာကွယ်ပြောဆိုရာတွင် တရုတ်မြို့ကြီးအချို့သည် ကြိုကြားကြိုကြားဖြစ်ပွားနေသော ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရန်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံများကို ချမှတ်ထားကြောင်း တရုတ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အဖြစ်မှန်များနှင့် ကိုက်ညီပြီး နှစ်လိုဖွယ်ကောင်းသော ရလဒ်များကို ပေးစွမ်းနိုင်သောကြောင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ အလုံးစုံလမ်းညွှန်ချက်သည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly