ထိုင်ဝမ်၏ Evergreen ကွန်တိန်နာပို့ဆောင်ရေးကုမ္ပဏီက တရုတ်ရေတပ်ကို ကူညီပေးနေကြောင်း သတင်းများထွက်ပေါ်

ထိုင်ဝမ်၏ Evergreen ကွန်တိန်နာပို့ဆောင်ရေးကုမ္ပဏီက တရုတ်ရေတပ်ကို ကူညီပေးနေကြောင်း သတင်းများထွက်ပေါ်

ထိုင်ဝမ်အခြေစိုက် Evergreen ကွန်တိန်နာပို့ဆောင်ရေးနှင့် သင်္ဘောကုမ္ပဏီက တရုတ်၏ လေယာဉ်တင် သင်္ဘောအသစ်အနီးနှင့် စစ်ဘက်သုံးအမြန်မောင်း သင်္ဘောများအနီးတွင် ဆိုက်ကပ်ထားသည်ကို ဂြိုဟ်တု ဓာတ်ပုံတစ်ပုံတွင် တွေ့ရှိရကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

တရုတ်ထိပ်တန်း နိုင်ငံပိုင်သင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှင့် အဆိုပါ ထိုင်ဝမ် ထိပ်တန်း သင်္ဘောကုမ္ပဏီတို့အကြား ချုပ်ဆိုထားသော စာချုပ်များတွင် တရုတ် ရေတပ်အဆင့်မြှင့်တင်ရေး ကုန်ကျ စရိတ်များကို လျှော့ချနိုင်ဖွယ် ရှိခြင်းကြောင့် လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း အမေရိကန်ပညာရှင် အဖွဲ့က ဧပြီ ၇ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) သည် လျင်မြန်စွာ တိုးချဲ့နေသော တရုတ်ရေတပ်အတွက် အဓိက ရေယာဉ်များ ထုတ်လုပ်သူဖြစ်ပြီး ယင်း၏ တတိယမြောက် လေယာဉ်တင် သင်္ဘောကို တည်ဆောက်ရန် စီစဉ်နေသည်။

ထိုင်ဝမ်၏ Evergreen ကော်ပိုရေးရှင်းသည် ၂၀၁၈ ခုနှစ်မှ စတင်၍ တရုတ်မှ သင်္ဘော ၄၄ စင်းကို ဝယ်ယူခဲ့ပြီး ယင်းတို့အနက် ၂ စင်းကို CSSC အပါအဝင် တရုတ်စစ်သင်္ဘောများ ထုတ်လုပ်သည့် သင်္ဘောကျင်း များမှ မှာယူခဲ့ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြင်သစ်နှင့် အမေရိကန်၏ အခြားမဟာမိတ်နိုင်ငံများမှ နိုင်ငံခြားကုမ္ပဏီများသည် CSSC မှ သင်္ဘောများကို ဝယ်ယူကြပြီး CSSC ကို တရုတ်စစ်တပ်နှင့် ချိတ်ဆက်မှုများကြောင့် အမေရိကန်နိုင်ငံသားများနှင့် ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အမည်ပျက်စာရင်းတွင် ထည့်သွင်းထားကြောင်း ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

တရုတ်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းသို့ နိုင်ငံခြားအရင်းအနှီး စီးဆင်းမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အကန့်အသတ်ရှိသော်လည်း နိုင်ငံခြားအမှာများမှ ရရှိသော အမြတ် များကြောင့် တရုတ် ရေတပ်အဆင့်မြှင့်တင်မှု ကုန်ကျစရိတ်များကို လျှော့ချနိုင်ဖွယ်ရှိကြောင်း အထောက် အထား များက ဖော်ပြနေသည်။

ဒေသတွင်း ဒီမိုကရေစီနိုင်ငံအချို့အတွက် နိုင်ငံခြားစာချုပ်များကို “မြင်သာထင်သာရှိသော အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု” ဟု ခေါ်ဆိုခဲ့ပြီး ကုမ္ပဏီများအနေဖြင့် အမေရိကန်၏ မဟာမိတ်ဖြစ်သော တောင်ကိုရီးယား နှင့် ဂျပန်တို့ကို အစားထိုး သင်္ဘော တည်ဆောက်ရေး မိတ်ဖက်များအဖြစ် ထည့်သွင်း စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့အနီးရှိ CSSC ၏ လုပ်ငန်းခွဲ ကျန်းနန်သင်္ဘောကျင်းတွင် တရုတ်၏ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောအနီးအတွင် တည်ဆောက်ဆဲ Evergreen ၏ သင်္ဘော ၃ စင်းထက်မနည်းကို လုပ်ငန်းသုံး ဂြိုဟ်တုဓာတ်ပုံများတွင် ဖေဖော်ဝါရီလက တွေ့ရှိခဲ့ရသည်။

Evergreen သင်္ဘောများကိုလည်း တရုတ်ရေတပ်မှ ခရူဇာသင်္ဘောများနှင့် ဖျက်သင်္ဘောများဘေးတွင် ဆိုက်ကပ်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required