ရက် ၅၀ အတွင်း တိုင်းပြည်စွန့် ထွက်ပြေးရသည့် ယူကရိန်း ပြည်သူပေါင်း ၄ ဒသမ ၇ သန်းကျော် ရှိ 

ရက် ၅၀ အတွင်း တိုင်းပြည်စွန့် ထွက်ပြေးရသည့် ယူကရိန်း ပြည်သူပေါင်း ၄ ဒသမ ၇ သန်းကျော် ရှိ 
Photo - AFP

ဧပြီ ၁၅

ရုရှ ကျူးကျော်ချိန်မှစကာ ရက် ၅၀ အတွင်း တိုင်းပြည်မှ စွန့်ခွာထွက်ပြေးရသည့် ယူကရိန်းပြည်သူပေါင်း ၄ ဒသမ ၇ သန်း ရှိသည်ဟု ကုလသမဂ္ဂက ကြာသပတေးနေ့တွင် ပြောပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ အလျင်မြန်ဆုံး ကြီးထွားသည့် ဒုက္ခသည်အကျပ်အတည်းပဲ ဖြစ်သည်။ 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံစွန့်ထွက်ပြေးသူ ၇၉,၉၆၂ ဦးရှိ၍ ဖေဖော်ဝါရီ ၂၄ ရက် ရုရှ၏ ကျူးကျော်မှု စတင်ချိန်မှစကာ စုစုပေါင်း ၄,၇၃၆,၄၇၁ ဦး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR က ပြောသည်။ 

ယူကရိန်းနိုင်ငံမှ စွန့်ခွာထွက်ပြေးကြသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များသည် ၉၀ ရာခိုင်နှုန်းမျှ ရှိခြင်း ဖြစ်သည်။ အသက် ၁၈ နှစ်မှ ၆၀ ကြား အမျိုးသားများမှာ စစ်မှုထမ်းရန်အတွက် သင့်တော်ပြီး နိုင်ငံမှ မထွက်ခွာနိုင်ကြပေ။ 

နိုင်ငံတွင်းမှာပင် ကျန်ရစ်နေဆဲ ကလေးငယ်များအပါအဝင် ယူကရိန်း ကလေးငယ်များ၏ သုံးပုံနှစ်ပုံနီးပါးသည် နေအိမ်များမှ စွန့်ခွာခဲ့ကြရသည်။ 

ပြည်ပသို့ ထွက်ပြေးသည့် ဒုက္ခသည်များအပြင် နေအိမ်များမှ စွန့်ခွာပြီး ယူကရိန်းနိုင်ငံအတွင်း ဘေးလွတ်ရာ အရပ်ဆီ ထွက်ပြေးကြရသူပေါင်းက ၇ ဒသမ ၁ သန်းရှိမည်ဟု ကုလသမဂ္ဂ၏ ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က ခန့်မှန်းသည်။ 

“ယူကရိန်းနိုင်ငံအတွင်းမှာပဲ ပြည်တွင်း ရွှေ့ပြောင်းရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်တွေက ဆက်လက်ကြီးထွားနေတယ်”ဟု IOM က ပြောသည်။ 

ယူကရိန်းဒုက္ခသည်များအပြင် နိုင်ငံတွင်း နေထိုင်နေသော၊ ပညာသင်ကြားနေသော သို့မဟုတ် အလုပ်လုပ်ကိုင်နေသော နိုင်ငံသားမဟုတ်သူ ၂၁၅,၀၀၀ နီးပါးလည်း နိုင်ငံမှ စွန့်ခွာထွက်ပြေးကြရကြောင်း IOM အေဂျင်စီက ပြောသည်။ 

နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသူများသည် စုစုပေါင်းအားဖြင့် လူဦးရေ၏ လေးပုံတစ်ပုံကျော်နေပြီ ဖြစ်သည်။ 

ကျူးကျော်မှု မတိုင်ခင်က ယူကရိန်းတွင် ရုရှ သိမ်းပိုက်သော ခရိုင်းမီးယားနှင့် ရုရှလိုလားသည့် ခွဲထွက်ရေးသမားများ၏ အရှေ့ပိုင်းဒေသတို့မှ အပ အစိုးရထိန်းချုပ်မှုအောက် ရှိခဲ့သော ဒေသများ၌ နေထိုင်သူ လူဦးရေ ၃၇ သန်း ရှိခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required