ရုရှသူဌေးပိုင် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေကို ဂျာမနီ တရားဝင် သိမ်းယူ

ရုရှသူဌေးပိုင် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေကို ဂျာမနီ တရားဝင် သိမ်းယူ
Photo - AFP

ဧပြီ ၁၅

ရုရှ သူဌေး အလစ်ရှာ အူစမန်နော့ဗ် ပိုင် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေကို ဂျာမနီ အာဏာပိုင်တို့က တရားဝင် သိမ်းယူလိုက်ကြောင်း ရဲသတင်းရင်းမြစ်များက ဧပြီ ၁၄ ရက်တွင် ပြောသည်။ ယူကရိန်း၌ စစ်ပွဲဖြစ်ပွားပြီးနောက် ရုရှအပေါ် ချမှတ်သည့် ဒဏ်ခတ်အရေးယူမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် အဆိုပါ သိမ်းယူမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၁၅၆ မီတာ (၁,၆၈၀ ပေ) အရှည်ရှိ “Dibar” ဇိမ်ခံရွက်လှေ၏ တန်ဖိုးသည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၆၀၀ (ယူရို ၅၅၅ သန်း ) ရှိသည်ဟု Forbes မဂ္ဂဇင်းက ဖော်ပြသည်။

ထိုဇိမ်ခံရွက်လှေသည် ပြီးခဲ့သည့် အောက်တိုဘာလနောက်ပိုင်း ဟမ်းဘာ့ဂ် သင်္ဘောကျင်းတစ်ခု၌ ဆိုက်ကပ်ထားခြင်းဖြစ်သည်။

ဂျာမနီ အကောက်ခွန် တာဝန်ရှိသူများသည် ထို ဇိမ်ခံရွက်လှေကို သီတင်းပတ်အချို့ကြာ စောင့်ကြည့်နေခဲ့သော်လည်း ယင်း၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဉပဒေဆိုင်ရာ အရှုပ်အထွေးတစ်ခုကြောင့် ယင်းကို ကနဦးက တရားဝင် သိမ်းယူနိုင်ခဲ့ခြင်း မရှိပေ။

ယခုအခါ ပြည်ပတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများကနေတစ်ဆင့် ဖုံးကွယ်ထားမှုများ ရှိလင့်ကစား ကာလကြာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်အပြီးတွင် ယင်း M/S Dibar ၏ ပိုင်ရှင်အမည်မှာ အလစ်ရှာ အူစမန်နော့ဗ်၏ ညီမ ဂူလ်ဘာခို အစ္စမေလ်လိုဗာ ဖြစ်သည်ကို တွေ့ရှိထားကြောင်း ဂျာမန် ဖက်ဒရယ် တရားရေး ရဲဌာနက ထုတ်ဖော်ခဲ့သည်။

“ဒီ ဇိမ်ခံရွက်လှေဟာ ယခုအခါမှာ ဒဏ်ခတ်ပိတ်ဆို့မှု စနစ်အောက်မှာ ဝင်သွားတဲ့အတွက် ဟမ်းဘာ့ဂ်မှာ တရားဝင် သိမ်းယူနိုင်ခဲ့ပါပြီ” ဟု ရဲတပ်ဖွဲ့က တွစ်တာတွင် ရေးသည်။

ရုရှ ဘီလျံနာ နှင့် ၎င်း၏ ညီမဖြစ်သူ တို့မှာ ရုရှ သူဌေးများနှင့် မိသားစုဝင်များအပေါ် အီးယူက ချမှတ်သည့် အရေးယူဒဏ်ခတ်မှုများ၏ ပစ်မှတ်ထားခံထားရသူများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required