ရုရှနယ်စပ်မြို့ကို ယူကရိန်းက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ဟု ဆို

ရုရှနယ်စပ်မြို့ကို ယူကရိန်းက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ဟု ဆို
ယူကရိန်း  Mi-8 ရဟတ်ယာဉ် တစ်စင်းအား နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသတွင် တွေ့ရစဉ်။  Photo - Aljazeera

ဧပြီ ၁၅

နယ်စပ် ၁၀ ကီလိုမီတာ (ခြောက်မိုင်) အကွာ တောင်ပိုင်း ဘရိုင်ယန့်စ်ဒေသရှိ မြို့တစ်မြို့ကို ယူကရိန်းက ရဟတ်ယာဉ်များ စေလွှတ်ပြီး ဗုံးကြဲတိုက်ခိုက်ကြောင်း ရုရှတာဝန်ရှိသူများက ကြာသပတေးနေ့တွင် စွပ်စွဲပြောဆိုသည်။

“လက်နက်ကြီးတွေ တင်ဆောင်ထားတဲ့ စစ်ရဟတ်ယာဉ် နှစ်စင်းကို အသုံးပြုပြီး ယူကရိန်း လက်နက်ကိုင်စစ်တပ်ဟာ ရုရှဝေဟင်ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်တယ်”ဟု ရာဇဝတ်မှုကြီးများကို စုံစမ်းစစ်ဆေးရသည့် ရုရှ ထောက်လှမ်းရေးကော်မတီက ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။

“အနိမ့်ပျံသန်းလာပြီး ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာပါ၊ ကလီမိုဗို လူနေအရပ်က ဒေသခံတွေရဲ့ အဆောက်အအုံတွေကို အနည်းဆုံး ခြောက်ကြိမ်လောက် လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်”ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။

ထိုအတွက် လူနေအဆောက်အအုံ အနည်းဆုံး ခြောက်လုံး ပျက်စီးထိခိုက်ရပြီး ၂၀၂၀ တွင် မွေးဖွားသည့် ကလေးငယ်တစ်ဦး အပါအဝင် လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု ၎င်းတို့က ပြောကြသည်။

ဒဏ်ရာရသူ ရှစ်ဦးရှိပြီ ၎င်းတို့အနက် ခြောက်ဦးမှာ ဆေးရုံတင်ထားရသည်ဟု ရုရှကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် အလက်ဇီ ကက်ဇ်နက်ဆော့ဗ်က နောက်ပိုင်းတွင် Interfax သတင်းဌာနသို့ ပြောသည်။

ငယ်ရွယ်သော ကလေးငယ်တစ်ဦးနှင့် ၁၉၄၈ တွင် မွေးဖွားသူ အမျိုးသမီးတစ်ဦးတို့၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များက ရုရှနယ်ထဲ ရဟတ်ယာဉ်များဖြင့် ဝင်ရောက်ပြီး တိုက်ခိုက်မှုကျူးလွန်သည်ဟု ရုရှက တရားဝင် စွပ်စွဲပြောဆိုခြင်းသည် ယခုအကြိမ်သည် ပထမဆုံး ဖြစ်ပုံရသည်။

ယခင်ကလည်း ယူကရိန်း စစ်ရဟတ်ယာဉ် နှစ်စင်းသည် ဧပြီ ၁ ရက်နေ့က လောင်စာကန်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ရုရှတောင်ပိုင်း ဘဲလ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူး ဗိုင်ယက်ချီစလက်ဗ် ဂလက်ဒ်ကို့ဗ်က ပြောသော်လည်း ယင်းကိစ္စကို ယူကရိန်းရော၊ ရုရှကပါ တိုက်ရိုက်အတည်ပြုခြင်း မရှိပေ။

ယခု ကြာသပတေးနေ့က တိုက်ခိုက်မှုကို ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန္ဒြား ဘိုဂိုမတ်ဇ်က အစောပိုင်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ ၎င်းက “လူနေ အဆောက်အအုံနှစ်လုံး ပျက်စီးပြီး ဒေသခံအချို့ ဒဏ်ရာရသည်”ဟု တယ်လီဂရမ်တွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required